ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသစ်ကြောင့်ကပ်ရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြား

11-Nov-2020

ဂျီနီဗာ နိုဝင်ဘာ ၁၀

Pfizer ဆေးဝါးလုပ်ငန်းက ဂျာမနီဆေးဝါးလုပ်ငန်းဖြစ်သည့် BioNTech နှင့် ပူးပေါင်းပြီး ကမ္ဘာပေါ်တွင် ၂၀၂၁ ခုနှစ် မတ်လအတွင်း ထုတ်လုပ်ရန် ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဆင်းရဲသည့်နိုင်ငံများသို့ ဖြန့်ဖြူးပေးသွားရန် စီစဉ်ထားကြောင်း၊ အဆိုပါဆေးသည် ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို လျော့ကျစေမည်ဟု မျှော်လင့်ထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူ ဘရုစ် အိုင်းဝတ်စ်က ယမန်နေ့တွင် ပြောကြားသည်။

Pfizer မှ ယခုလက်ရှိ စမ်းသပ်နေသော ကိုဗစ်-၁၉ ကာကွယ်ဆေး မှာ ထိရောက်မှုများရှိသည်ကို တွေ့မြင်ရကြောင်း ဘရုစ်အိုင်းဝတ်စ်က ပြောကြားသည်။ အဆိုပါဆေးဝါးကို ထပ်မံစမ်းသပ်မှုများ လုပ်ဆောင်ရဦး မည်ဖြစ်ပြီး ယခုတွေ့ရှိချက်များမှာ ပဏာမတွေ့ရှိချက်များသာဖြစ်ကြောင်း၊ သို့သော် ကမ္ဘာပေါ်ရှိ လူသားများ အသုံးပြုရန် ယခုဆေးဝါးတွင် မျှော်လင့် စရာအချက်များကို တွေ့ရှိနေရပြီး ၎င်းအချက်များကို အတည်ပြုနိုင်ရန် မိမိတို့ ရှေ့ဆက်ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရလဒ်များကြောင့် လာမည့်နှစ် မတ်လအတွင်း ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့ကျရန် ဆောင်ရွက်သွားနိုင်မည်ဟု မိမိမျှော်လင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

၎င်းတို့ထုတ်လုပ်မည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၏ ထိရောက်မှု ရာခိုင်နှုန်းမှာ ၉၀ ကျော်အဆင့်တွင်ရှိကြောင်း Pfizer ဆေးဝါးလုပ်ငန်းက ပြောကြားခဲ့မှုကြောင့် အဆိုပါဆေးဝါးအပေါ်တွင် လူထု၏ မျှော်လင့်ချက် များ မြင့်တက်လာခဲ့သည်။

မိမိတို့ပူးပေါင်းထုတ်လုပ်သည့် ယခုဆေးဝါးအား အရေးပေါ်ကုသမှု တွင် အသုံးပြုနိုင်ရန် တာဝန်ရှိသူများထံမှ ခွင့်ပြုမိန့် အလျင်အမြန်ရရှိအောင် ဆောင်ရွက်သွားမည်ဟု Pfizer နှင့် BioNTech ဆေးဝါးလုပ်ငန်းတို့က ပြောကြားသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက် လျှော့ချရေးအတွက် လုံလောက်သော ပစ္စည်းကိရိယာများရှိနေပြီး ရောဂါ စမ်းသပ်မှုများကိုလည်း အများအပြားဆောင်ရွက်နိုင်ခဲ့ကြောင်း ဘရုစ် အိုင်းဝတ်စ်က ပြောကြားသည်။ သို့သော် ရန်ပုံငွေ ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံခန့် လိုအပ်ခဲ့ခြင်းကြောင့် ကမ္ဘာပေါ်ရှိ ဝင်ငွေနည်းပါးသော နိုင်ငံများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရန်နှင့် ကိုဗစ်-၁၉ ရောဂါရှာဖွေစမ်းသပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲ များရှိနိုင်ကြောင်း ၎င်းက ပြောကြားသည်။

ကိုးကား- စီအင်န်အေ

ဘာသာပြန်- စိုးသူရ