တောင်ကိုရီးယား၊ ဂျပန်နဲ့ အင်ဒိုနီးရှား ကိုဗစ်ကူးစက်မှု တရက်အတွင်း စံချိန်တင်မြင့်တက်

25-Dec-2020

တောင်ကိုရီးယား၊ ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ တရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် ကူးစက်သူအရေအတွက် စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ နောက်ထပ်ကူးစက်သူ ၁,၂၀၀ ကျော်ထဲက ၇၀% ဟာ နိုင်ငံလူဦးရေ ၅၂ သန်းထဲက ထက်ဝက်နေထိုင်တဲ့ ဆိုးလ်မြို့တော်နဲ့ ပတ်ဝန်းကျင်အရပ်တွေမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ဒီကနေ့ နောက်ထပ်ကူးစက်သူ ၈၈၄ ဦးထဲမှာ တိုကျိုမြို့တော်က အများဆုံးပါ။

အင်ဒိုနီးရှားမှာတော့ ဒီကနေ့မှာ သေဆုံးသူ ၂၅၈ ယောက်နဲ့ အများဆုံးဖြစ်ခဲ့ပါတယ်။ နောက်ထပ် ရောဂါကူးစက်သူက ၇,၂၆၀ နီးပါးရှိတာကြောင့် ခုဆိုရင် သေဆုံးသူပေါင်း ၂၀,၈၀၀ ကျော်၊ ကူးစက်သူပေါင်း ၇၀၀,၀၀၀ ကျော်ရှိနေပါပြီ။

ကမ္ဘာတဝန်း နိုင်ငံအသီးသီးအနေနဲ့ COVID-19 ရောဂါ ကာကွယ်ဆေးရဖို့ ကြိုးစားနေကြသလို ကာကွယ်ဆေးရလို့ စထိုးပေးနေတဲ့နိုင်ငံတွေလည်း တဖြည်းဖြည်းပိုများလာပါတယ်။

လက်တင်အမေရိကနိုင်ငံတွေထဲမှာဆိုရင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၁၂၀,၀၀၀ ကျော်ရှိထားတဲ့ မက္ကဆီကိုနိုင်ငံဟာ ကာကွယ်ဆေးစထိုးတဲ့ ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။

Pfizer-BioNtech ကာကွယ်ဆေး ၁၀ သန်းမှာထားတဲ့ ချီလီနိုင်ငံကတော့ ပထမသုတ် ဆေးအလုံးရေ ၁၀,၀၀၀ ကို ကြာသပတေးနေ့က ရခဲ့ပြီးတဲ့နောက် ကျန်းမာရေးလုပ်သားတွေကို ထိုးပေးနေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကော်စတာ ရီကာနိုင်ငံကလည်း ကြာသပတေးနေ့မှာပဲ San Jose မြို့နားက အိမ်တလုံးမှာ သက်ကြီးရွယ်အို နှစ်ဦးကို ကာကွယ်ဆေး စထိုးပေးဖို့ ပြင်ဆင်နေပါတယ်။ အာဂျင်တီးနားနိုင်ငံကတော့ ရုရှားထုတ် Sputnik V ကာကွယ်ဆေး အလုံး ၃၀၀,၀၀၀ လောက် ရထားပြီဖြစ်ပါတယ်။

VOA News