ကိုရိုနာဗိုင်းရပ်စ် အစပြုရာကို စုံစမ်းမယ့် WHO ပညာရှင်အဖွဲ့ တရုတ်နိုင်ငံကို ဝင်ခွင့်မရ

06-Jan-2021

ဝူဟန်မြို့မှာ ဗိုင်းရပ်စ်စတင်ပြန့်ပွားရာကို စုံစမ်းစစ်ဆေးဖို့ဆောင်ရွက်နေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization - WHO)က ပညာရှင်အဖွဲ့ဟာ တရုတ်နိုင်ငံထဲကို ဝင်ရောက်ခွင့် ငြင်းပယ်ခံထားရပါတယ်။

အဖွဲ့ဝင် ၂ ယောက်ဟာ ခရီးစတင်ထွက်ခွာသွားပြီဖြစ်ပြီး ပြဿနာက ဗီဇာခွင့်ပြုချက် မရတာ ဖြစ်တယ်လို့ WHO က ပြောပါတယ်။

ဒါပေမဲ့ ခရီးစဥ် ရက်စွဲအပါအဝင် ခရီးစဉ် အသေးစိတ်တွေအတွက် စီစဉ်နေဆဲ အခြေအနေ လို့ တရုတ်ဘက်က ပြောနေပါတယ်။

WHOနဲ့ တရုတ်အစိုးရအကြား လပေါင်းများစွာ ညှိနှိုင်းခဲ့ကြပြီးတဲ့နောက် ကာလကြာမြင့်စွာ စောင့်ခဲ့ရတဲ့ ဒီလို စုံစမ်းစစ်ဆေးနိုင်ရေးအတွက် သဘောတူညီချက်ရခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ်နှောင်းပိုင်းလောက်မှာ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့ရတာဖြစ်ပြီး အဲဒီက စျေးတစ်စျေးကနေ စတင် ပြန့်ပွားခဲ့တယ်လို့ သတ်မှတ်ထားကြတာပါ။

WHO အကြီးအကဲ တက်ဒရိုစ် စန်ဒါနွန် ဂါဘရေရက်ဆိုက အဖွဲ့အတွက် ဝင်ရောက်ခွင့်ကို တရုတ်အစိုးရက ခွင့်ပြုမှု အပြီးသတ်မလုပ်ပေးတဲ့အပေါ် "သိပ်ကို စိတ်ပျက်မိတယ်"လို့ပြောပြီး "အဖွဲ့ဝင် ၂ ယောက်ဟာ ခရီးစတင်ထွက်သွားပြီ၊ တခြားသူတွေက ခရီးထွက်ခါနီး ဆဲဆဲ အချိန်ကျမှ ခရီးမသွားနိုင်ဖြစ်ရတယ်"လို့ ဆိုပါတယ်။

သူက ဂျနီဗာမှာ အင်္ဂါနေ့က သတင်းထောက်တွေကို ရှင်းလင်းပြောပြရာမှာ "တရုတ်အစိုးရအနေနဲ့ ဒီအဖွဲ့သားတွေကို အစောဆုံး လက်ခံနေရာချပေးနိုင်အောင် လုပ်ထုံးလုပ်နည်းတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ကျွန်တော့်ကို ပြောပါတယ်"လို့ ဆိုပါတယ်။

သူ့အနေနဲ့ တရုတ်အဆင့်မြင့်အရာရှိတွေကို ဆက်သွယ်ပြီး "ဒီအဖွဲ့ကိစ္စဟာ WHO နဲ့ နိုင်ငံတကာ အဖွဲ့တွေရဲ့ ဦးစားပေးကိစ္စ"ဆိုတာကို အလေးပေး ပြောထားတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာ ချွန်ယင်က "နားလည်မှု တစ်စုံတစ်ရာလွဲနေပုံရပါတယ်"၊ "ဒီကိစ္စဟာ သိပ်ကြီးမားခက်ခဲနေတဲ့ကိစ္စတစ်ခုလို့ မမြင်စေချင်ပါဘူး"လို့ ဘီဘီစီကို ပြောပါတယ်။

"တရုတ်အာဏာပိုင်တွေဟာ WHO နဲ့ နီးနီးကပ်ကပ်ပူးပေါင်း ဆောင်ရွက်နေပါတယ်၊ ဒါပေမဲ့ ကမ္ဘာ့နေရာအတော်များများမှာ အသေးစား ပြန့်ပွားမှုတွေ ရှိနေပြီး နိုင်ငံအများအပြားနဲ့ ဒေသအတော်များများမှာ ဗိုင်းရပ်စ်မပြန့်ပွားရေး အတွက် ကာကွယ်ရင်း အလုပ်များနေကြပါတယ်။ ကျွန်မတို့ လည်း အဲဒီလို မပြန့်ပွားဖို့ လုပ်နေပါတယ်" လို့ သူက ပြောပါတယ်။

"ကျွန်မတို့ဟာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အားပေးနေသလို၊ ပြည်တွင်းမှာ လိုအပ်တဲ့ စီစဉ်ဆောင်ရွက်မှုတွေကိုလည်း အရှိန်မြှင့်လုပ်ဆောင်နေဆဲပါ။ WHO နဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်၊ ကျွန်မသိထားသလောက် ခရီးစဉ် ရက်စွဲနဲ့ စီစဉ်မှုတွေက ဆွေးနွေးနေကြဆဲပဲဖြစ်ပါတယ်။"

WHO အနေနဲ့ ကမ္ဘာ့ကပ်ကို တိရစ္ဆာန်က အစပြုတာလားဆိုတာနဲ့ ဗိုင်းရပ်စ်က လူဆီကို ဘယ်တုန်းက စတင်ကူးစက်သွားတာလဲ ဆိုတာကို စုံစမ်းဖို့ရည်ရွယ်ပြီး နိုင်ငံတကာက ကျွမ်းကျင်ပညာရှင် ၁၀ ဦးပါတဲ့ အဖွဲ့ကို တရုတ်နိုင်ငံဆီကို စေလွှတ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတာပါ။

ပြီးခဲ့တဲ့ လတုန်းက သူတို့အနေနဲ့ စုံစမ်းစစ်ဆေးရေးတွေ ၂၀၂၁ ဇန်နဝါရီလမှာ စတင် နိုင်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာအဖွဲ့ရဲ့အဖွဲ့ဝင် ၂ ယောက်ဟာ အင်္ဂါနေ့အစောပိုင်းက တရုတ်နိုင်ငံကို ခရီးထွက်ခွာသွားပြီလို့ WHOက ပြောပါတယ်။

ရိုက်တာ သတင်းဌာနရဲ့အဆိုအရ WHOရဲ့ အရေးပေါ်ရေးရာဆိုင်ရာ အကြီးအကဲ မိုက်ခ် ရိုင်ယန်ဟာ တရုတ်ကို ခရီးသွားနေရာကနေ ပြန်လှည့်လာနေပြီး နောက်တစ်ဦးကတော့ တတိယနိုင်ငံ တစ်ခုမှာ ရှိနေတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ဟွာဘေးပြည်နယ်၊ ဝူဟန်မြို့မှာ ကိုရိုနာ ဗိုင်းရပ်စ်ကို ၂၀၁၉ နှောင်းပိုင်းလောက်မှာ စတင်တွေ့ရှိခဲ့ရပါတယ်။

အဲဒီမြို့က သားငါးရောင်းတဲ့စျေးတစ်စျေးကနေ ဗိုင်းရပ်စ်က အစပြုပြန့်ပွားလာတာလို့ ယုံကြည်ထားကြပြီး အဲဒီစျေးမှာပဲ ဗိုင်းရပ်စ်ဟာ တိရစ္ဆာန်ကနေ လူဆီကို ကူးစက်ခဲ့တာလို့ မှတ်ယူထားကြပါတယ်။

ဒါပေမဲ့ တကယ်မှာ ဘယ်ကနေ စတင်ပြန့်ပွားတာလဲ ဆိုတဲ့အပေါ် အငြင်းပွားနေကြတာက အကျယ်အပြန့်ပါ။ တချို့ ပညာရှင်တွေက စျေးထဲကနေ စတင်ခဲ့တာမဖြစ်နိုင်ဘူး၊ အဲဒီနေရာမှာ အစုလိုက်အပြုံလိုက် ပြန့်ပွားသွားတာလို့ ယူဆကြပါတယ်။

တချို့သုတေသနတွေအရ လူကိုကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့တွေအကြားမှာ ဆယ်စုနှစ်နဲ့ ချီပြီး ရှိနေနိုင်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ လင်းနို့နဲ့ လူတွေအကြား ဗိုင်းရပ်စ် ပျံ့လာတဲ့နေရာမှာ ကြားခံ သတ္တဝါ ရှိမရှိ ဆိုတာကို မသိကြရသေးပါဘူး။

BBC Burmese