ကိုဗစ်တတိယလှိုင်း ထိန်းချုပ်မှု တောင်ကိုရီးယား ထုတ်ပြန်

23-Nov-2020

တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကပ်ရောဂါ တတိယလှိုင်းအဖြစ် ရိုက်ခတ်ကူးစက်မှုကို ကာကွယ်ထိန်းချုပ်ဖို့ စည်းကမ်းသတ်မှတ်ချက်သစ်တွေ ထုတ်ပြန်လိုက်ပါတယ်။ ကပ်ရောဂါ တတိယလှိုင်း အပြည့်အဝ ရိုက်ခတ်နေပြီး အခြေအနေဟာ အင်မတန် လေးနက် စိုးရိမ်စရာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး Park Neung-hoo က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

အင်္ဂါနေ့ကစပြီး ဆိုးလ်မြို့တော်နဲ့ မြို့တော်နားတဝိုက်မှာ အရက်ဆိုင်နဲ့ ညကလပ်တွေ ပိတ်ကြရမှာဖြစ်ပါတယ်။ ဘာသာရေးပွဲတွေ၊ အားကစားပွဲတွေလို လူစုဝေးတဲ့ ပွဲတွေကိုလည်း အရေအတွက် ကန့်သတ်လိုက်ပါတယ်။

စားသောက်ဆိုင်တွေမှာလည်း ည ၉ နာရီကျော်တာနဲ့ ဆိုင်ထဲမှာထိုင်ပြီး စားသောက်ခွင့်ပြုလို့ မရတော့သလို နာမည်ကျော် ကော်ဖီဆိုင်ကြီးတွေ အနေနဲ့လည်း Delivery ဝန်ဆောင်မှု၊ ဒါမှမဟုတ် ကြိုမှာပြီး ဆိုင်မှာလာယူတာမျိုးပဲ ခွင့်ပြုမှာဖြစ်ပါတယ်။

စနေနေ့ည သန်းခေါင်ယံအထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၃၃၀ ရှိခဲ့ကြောင်း ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (KDCA) က ပြောပါတယ်။ ဒီအရေအတွက်ဟာ သောကြာနေ့က ၃၈၆ ယောက်ထက် လျော့ကျသွားတာဖြစ်ပေမယ့် လူ ၃၀၀ အထက်ကို ကူးစက်နေတာကတော့ ၅ ရက်ဆက်တိုက် ရှိနေပြီဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အခုလို ရောဂါထိန်းချုပ်ရေး တင်းကျပ်တဲ့ လမ်းညွှန်ချက်တွေ ချမှတ်ထားပေမယ့်လည်း ဒီဇင်ဘာလ ၃ ရက်မှာ နှစ်စဉ်ဖြေဆိုနေကျ တက္ကသိုလ်ဝင်ခွင့် ဖြေဆိုကြဖို့ကိုတော့ ခွင့်ပြုပေးထားပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုတွေ မလုပ်ဘဲနဲ့ ရောဂါအကြီးအကျယ် မပြန့်ပွားအောင် ရောဂါဖြစ်ပွားမှု ခြေရာကောက်တာ၊ စမ်းသပ်စစ်ဆေးတာနဲ့ သီးခြားခွဲထား စောင့်ကြည့်မှုတွေကို တိတိကျကျ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၀၀ ကျော်၊ အတည်ပြုလူနာ ၃၀,၀၀၀ ကျော် ရှိပါတယ်။

Crd VOA News