ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် ဧဒင်အုပ်စု ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးချစ်ခိုင်က အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ သန်း လှူဒါန်း

07-Jan-2021

ရန်ကုန် ဇန်နဝါရီ ၆

ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ စီမံ ခန့်ခွဲမှု ဆပ်ကော်မတီက ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ မြန်မာ့စီးပွားရေး ဘဏ် (နေပြည်တော်) ရှိ နိုင်ငံခြား ငွေစာရင်းအမှတ် EDC 600012 သို့ ဧဒင်အုပ်စု ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးချစ်ခိုင် က အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းကို ယနေ့လှူဒါန်းခဲ့ ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ဧဒင်အုပ်စု ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးချစ်ခိုင်က “မြန်မာနိုင်ငံမှာ အားလုံးရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြီးကို ကိုယ်တတ်နိုင်သလောက် ပြည်သူပြည်သားတွေကို ကာကွယ်ပေးချင်လို့ အခုလို လှူဒါန်းဖြစ်တာ ဖြစ်ပါတယ်။ နိုင်ငံတော်ကလည်း လှူဒါန်းကြဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒါကြောင့်မို့ ဘယ်လောက်ပဲတတ်နိုင်တတ်နိုင် နည်းသည် များသည်မဟုတ်ဘဲ တတ်နိုင်သလောက် လှူဒါန်းတယ် ဆိုရင် ကိုယ့်ပြည်သူပြည်သားတွေအတွက်ကို ကိုဗစ်ရန်က ကာကွယ်ပေးနိုင်အောင် ကျွန်တော့်အနေနဲ့ လှူဒါန်းကြဖို့ ပြောကြားလိုပါတယ်။ ကျွန်တော်တို့နိုင်ငံ ဒီကပ်ရောဂါ ကနေ အမြန်ဆုံး ကာကွယ်ပေးနိုင်ပြီး ဖွံ့ဖြိုးပြီးသာယာ ၀ပြောတဲ့ နိုင်ငံဖြစ်လာဖို့လည်း ဆုတောင်းပါတယ်” ဟု ပြောသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီသည် COVID-19 ကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရေးအတွက် COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး အဆိုပါ ဆပ် ကော်မတီမှ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (COVID- 19 Vaccination Fund) ကို မြန်မာ့ စီးပွားရေးဘဏ် (နေပြည်တော်) တွင် ဖွင့်လှစ်ထားသည်။

ကာကွယ်ဆေး ဝယ်ယူရေးအတွက် ပြည်တွင်း၊ ပြည်ပ မှ ပါဝင်လှူဒါန်းလိုသည့် ပြည်သူများ၊ အဖွဲ့အစည်းများ အနေဖြင့် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) ရှိ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (နိုင်ငံခြားငွေစာရင်းအမှတ် EDC600012) စာရင်းတွင် မည်သည့် နိုင်ငံခြားငွေ အမျိုးအစားကိုမဆို ထည့်ဝင် လှူဒါန်းနိုင်ပြီး (မြန်မာကျပ်ငွေ စာရင်းအမှတ် OA 013733) တွင် မြန်မာကျပ်ငွေဖြင့် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရ သည်။

နိုင်ငံတော်မှ ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် မတည် ရန်ပုံငွေ ကျပ်သန်း တစ်ထောင်နှင့် အမေရိကန်ဒေါ်လာ သန်း ၂၅၀ မတည်ထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သတင်းနှင့်ဓာတ်ပုံ - မင်းသစ်(MNA)