ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ကဏ္ဍ ပိုပူးပေါင်းဆောင်ရွက်ရန် တောင်ကိုရီးယားနှင့် မြန်မာ ကတိပြု

21-Sep-2020

မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံများသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအောင်လုပ်ဆောင်ရန် အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရသည့် စီးပွားရေး ပြဿနာများကို ကျော်ဖြတ်ရေး ကူညီရန်အတွက် ကုန်သွယ်ရေး၊ ရင်းနှီးမြှုုပ်နှံမှုနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့က ဗီဒီယိုကွန်ဖရင့်ဖြင့်ပြုလုပ်သည့် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်၏ ပထမဆုံး အစည်အဝေးတွင် တောင်ကိုရီးယား ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီး ဆွန်ယန်မိုက သူ၏နိုင်ငံသည် ကိုဗစ်-၁၉ ကြောင့်စီးပွားရေး အတားအဆီးများဖြစ်နေသော်လည်း မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင့်မည်ဖြစ်ကြောင်း ပြောသည်။

ထိုအစည်းအဝေးသည် တောင်ကိုရီးယားနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် မြန်မာနိုင်ငံအတွက် နည်းလမ်းရှာဖွေရန် ရည်ရွယ်သည်။ နှစ်နိုင်ငံတို့သည် ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး နှစ်နိုင်ငံအကြား အရေးပါသော စီးပွားရေးပြဿနာများနှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ကိုရီးယားက ဌာနခွဲတခု ထူထောင်ပြီး မြန်မာနိုင်ငံမှ ထုတ်ကုန်များကို ကမ္ဘာ့စားသုံးသူများထံသို့ ပို့ဆောင်ပေးရာတွင် ကူညီမည်ဖြစ်ကြောင်း ဆွန် ပြောသည်။ ထိုဌာနခွဲသည် အုပ်ချုပ်ရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်ပြီး တောင်ကိုရီးယားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများကို ကူညီရန် တနေရာတည်းတွင် ဝန်ဆောင်မှုပေးမည်ဖြစ်သည်။

လွန်ခဲ့သော နှစ် စက်တင်ဘာလက တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီးနောက် ယခုအစည်းအဝေးကို နောက်ဆက်တွဲ ကျင်းပခြင်းဖြစ်သည်။ တောင်ကိုရီးယား သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံတို့သည် ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင်သာမက ကိုရီးယားဌာနခွဲ ထူထောင်ရေးနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများအတွက်ပါ သဘောတူညီမှုများ ရရှိခဲ့သည်။

သို့သော် အဓိကကျသည့် အချို့သော စီမံကိန်းများနှင့် လုပ်ငန်းများ အကောင်အထည်ဖေါ်ရေးမှာမူ ကမ္ဘာတဝှမ်း ကူးစက်ရောဂါကြောင့် နှောင့်နှေးနေခဲ့သည်။

မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်သည့် အကြီးမားဆုံးနိုင်ငံများအနက်တခုဖြစ်သော တောင်ကိုရီးယား၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှာ လွန်ခဲ့သော သြဂုတ်လအထိ အမေရိကန်ဒေါ်လာ ၄ ဘီလျံ (ကျပ် ၅.၃ ထရီလျံ) ဖိုးရှိကြောင်း မြန်မာအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဌာနဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေး ဦးစီးဌာန၏ အဆိုအရ သိရသည်။

တောင်ကိုရီးယားနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် လက်ရှိ စီးပွားရေး အကျပ်အတည်းများကို ကျော်လွှားရာတွင် အထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း မြန်မာကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့်က ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ကဏ္ဍများတွင် တောင်ကိုရီးယားနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လိုကြောင်းလည်း သူပြောသည်။

အစည်းအတွင်း နှစ်နိုင်ငံအရာရှိများသည် မြန်မာ- တောင်ကိုရီးယား အဝတ်အထည်စမ်းသပ်ရေး သုတေသနဌာန (MKATRI) နှင့် ကိုရီးယားမှ နည်းပညာအကြံပေးနှင့်ဖြေရှင်းရေး အစီအစဉ် (TASK) အကောင်အထည်ဖေါ်ရေးသာမက မြန်မာနိုင်ငံ အထည်အလိပ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရေး၊ အစားအစာထုတ်လုပ်ရေးနှင့် ထုတ်ပိုးရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့သည်။

မော်တော်ယာဉ်များနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲရေးနှင့် မြန်မာနိုင်ငံမှ အသေးစား အလတ်စားလုပ်ငန်းများကို တောင်ကိုရီးယားက ကူညီရေးတို့အတွက်လည်း နှစ်ဖက်သဘောတူသည်။

မြန်မာနိုင်ငံသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေးကို ဦးစားပေးသည့် ဆိုးလ်၏ တောင်ပိုင်းမူဝါဒသစ်တွင် အဓိကကျသော အခန်းမှ ပါဝင်နေသည်။

မွန်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်မြို့မြောက်ဖက် လှည်းကူးတွင် ကိုရီးယားမြန်မာစက်မှုဇုန် (KMIC) စီမံကိန်းကို စတင်ခဲ့သည်။

ခန့်မှန်းခြေ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၁၀ ရှိသော KMIC တွင် စက်မှုနှင့် စီးပွားရေးဆိုင်ရာ ဧရိယာများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆောက်အအုံတခုနှင့် သင်တန်းကျောင်း တခုတို့ ပါဝင်မည်ဖြစ်သည်။ ရန်ကုန်စီမံကိန်း ဘဏ်၏ အဆိုအရ ထိုစီမံကိန်းသည် ၂၂၅ ဟက်တာကျယ်ဝန်းပြီး ပို့ကုန်ထုတ်လုပ်ရေးကို အဓိကထားကြောင်း သိရသည်။

နှစ်စဉ်အခွန် ဒေါ်လာ ၁၀ သန်းရမည့် ထိုကုန်ထုတ်လုပ်ရေးအဆောက်အအုံများတွင် တောင်ကိုရီးယား ကုမ္ပဏီ ၂၀၀ ခန့် ရင်းနှီးမြှုပ်နှံမည်ဟု မျှော်လင့်ရသည်။ သို့သော် ထိုစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများမှာ ကိုဗစ်-၁၉ ကြောင့် ကြန့်ကြာနေသည်။

တည်ဆောက်ရေးလုပ်ငန်းများကို ဒီဇင်ဘာလတွင် စတင်ရန် ဗုဒ္ဓဟူးနေ့က ကျင်းပသည့် အစည်းအဝေးတွင် နှစ်ဖက်သဘောတူသည်။

လက်ရှိအချိန်တွင် တောင်ကိုရီးယားနိုင်ငံသည် ရန်ကုန်မြို့လယ်နှင့် ရန်ကုန်မြစ်တဖက်ကမ်း ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတားကို ကူညီတည်ဆောက်ပေးနေပြီး ဒလတွင်လည်း စက်မှုဇုန်တခုထူထောင်ရန် စီစဉ်ထားသည်။

(Nan Lwin ၏ Myanmar, S. Korea Pledge to Step Up Cooperation on Trade, Investment, Energy ကို ဘာသာပြန်ဆိုသည်။ )

Crd ဧရာဝတီ