အကျဉ်းကျသံချပ်အဖွဲ့ဝင်တွေကို အားပေးစာပေးပို့တဲ့ လှုပ်ရှားမှု ပြုလုပ်နေ

19-Nov-2020

 

တပ်မတော်ကို ဝေဖန်ရေးသံချပ်ထိုးလို့ ထောင်ချခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်း၊ ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့အတွက် ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်တွေက အားပေးတဲ့ လှုပ်ရှားမှုတစ်ခု ပြုလုပ်နေပါတယ်။

အဲဒီလှုပ်ရှားမှုကို နိုဝင်ဘာ ၁၀ ရက်နေ့ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ လုပ်ဆောင်ကြမှာဖြစ်ပြီး တစ်လအတွင်း စုဆောင်းရရှိလာမယ့် အားပေးစာတွေကို နှစ်ပတ်တစ်ခါ ထောင်ဝင်စာတွေ့ချိန်မှာ ပေးနိုင်ဖို့အတွက် ထောင်ကျနေတဲ့ ကျောင်းသားတွေရဲ့ မိဘတွေလက်ထဲကို ထည့်ပေးလိုက်မှာဖြစ်တယ်လို့ ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင် မဆုရတနာမြင့်က RFA ကိုပြောပါတယ်။

ထောင်ကျနေတဲ့ ကျောင်းသား သုံးယောက်အတွက် အားပေးစကားပေးပို့ချင်သူတွေအနေနဲ့ မဆုရတနာမြင့် ဖုန်း (09 428 19 3575) ကို ဆက်သွယ်နိုင်သလို [email protected] နဲ့ ဒေါင်းတို့မျိုးဆက် facebook page မက်ဆင်ဂျာကနေလည်း ဆက်သွယ်ပေးပို့နိုင်တယ်လို့ ဒေါင်းတို့မျိုးဆက်အဖွဲ့က လူမှုကွန်ရက် စာမျက်နှာကနေ ကြေညာထားပါတယ်။

လက်ရှိ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ အားပေးစကားရေးသားပေးပို့မှု အစောင် ၃၀ ကျော် လက်ခံရရှိထားပြီ လို့လည်း မဆုရတနာမြင့်က ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( Anmesty International ) ရဲ့ နိုင်ငံအသီးသီးက အဖွဲ့ဝင်တွေ ပါဝင်လှုပ်ရှားကြတဲ့ Write For Rights ဆိုတဲ့ လှုပ်ရှားမှုမှာလည်း ထောင်ကျနေတဲ့ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်းကို ရွေးထားကြောင်းနဲ့ သူတို့ဆီကနေလည်း မက်ဆေ့ချ်တွေ ပို့ကြမှာဖြစ်တဲ့အပြင် ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စားရေးသား တောင်းဆိုမယ်လို့လည်း သိရပါတယ်။

တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ ဦးဆောင်တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ ၂၀၁၈ ခုနှစ် သင်္ကြန်ကာလမှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ သံချပ်ထိုး လှည့်လည်ဖျော်ဖြေခဲ့ပြီး သံချပ်ပါ အကြောင်းအရာတချို့နဲ့ ပတ်သက်လို့ တပ်မတော်က အမှုဖွင့်ခံခဲ့ရတာပါ။

ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တရားရုံးတွေက ချမှတ်ထားတဲ့ စီရင်ချက်တွေအရ ကိုပိုင်ဖြိုးမင်းက ထောင်ဒဏ် ခြောက်နှစ်၊ ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့က ထောင်ဒဏ် ငါးနှစ်ခွဲစီ၊ မကေခိုင်ထွန်းက ထောင်ဒဏ် နှစ်နှစ်ခွဲ၊ ကိုဖိုးသားနဲ့ မဆုရတနာမြင့်တို့က နှစ်နှစ်စီ အသီးသီး ချမှတ်ခံခဲ့ရပါတယ်။

အဲဒီငါးယောက်ထဲက ကိုဖိုးသား၊ မဆုရတနာမြင့်နဲ့ မကေခိုင်ထွန်းတို့ကတော့ လွတ်ရက်စေ့လို့ ပြန်လည် လွတ်မြောက်ခဲ့ပြီဖြစ်ပေမယ့် ကိုပိုင်ဖြိုးမင်း၊ ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကတော့ အင်းစိန်ထောင်ထဲမှာပဲ အကျဉ်းကျနေဆဲဖြစ်ပါတယ်။

Crd RFA

ရခိုင်စစ်ပွဲတွေရပ်ဖို့ လှုပ်ရှားခဲ့တဲ့ကျောင်းသား နှစ်ယောက် ထောင်တစ်နှစ်အမိန့်ချခံရ