အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ သား ကိုဗစ်- ၁၉ ကူးစက်ခံရ

22-Nov-2020

ဝါရှင်တန် နိုဝင်ဘာ ၂၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏အကြီးဆုံးသားဖြစ်သူ ဒေါ်နယ် ထရမ့်ဂျူနီယာတွင် ကိုဗစ်- ၁၉ ကူးစက်ခံရပြီး ရောဂါလက္ခဏာများ မပြဟု သိရသည်။ ယခုအခါ ၎င်းကို အသွားအလာစောင့်ကြည့် ကန့်သတ် ထားသည်ဟု ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၂၁ ရက်တွင် ပြောသည်။

အသွားအလာကန့်သတ်ထား

၎င်းတွင် ရောဂါလက္ခဏာများ မပြသော်လည်း ကိုဗစ်- ၁၉ လမ်းညွှန်မှုများအတိုင်း လိုက်နာနေ ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြော သည်။ ယခုသီတင်းပတ်အစတွင် ရောဂါ ကူးစက်ခံထားရသည်ဟု အတည်ပြုနိုင်ခဲ့ပြီး ရောဂါကူးစက် ခံရသည်ဟု သံသယရှိသည့်အချိန် မှစကာ အသွားအလာကန့်သတ် ထားကြောင်း သိရသည်။

ဒေါ်နယ်ထရမ့် ဂျူနီယာသည် သမ္မတထရမ့် မိသားစုတွင် ဒုတိယ မြောက် ကိုဗစ်- ၁၉ ကူးစက်ခံရသူ ဖြစ်ပြီး အသက် ၁၄ နှစ်ရွယ် ဘာရွန် ထရမ့်သည်လည်း လွန်ခဲ့သည့်လက ကိုဗစ်- ၁၉ ကူးစက်ခံရပြီး လျင်မြန်စွာ ပြန်လည်နာလန်ထူခဲ့သည်။

ဝေဖန်ခံရ

ဒေါ်နယ်ထရမ့်ဂျူနီယာ၏ ချစ်သူ ဖော့ခ် နယူးစ်မှ အစီအစဉ်တင်ဆက်သူ ဟောင်း ကင်ဘာဘေဂေးဖွိုင်းမှာ လည်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကိုဗစ်- ၁၉ ကူးစက်ခံရဖူးသည်။

ထိုစဉ်ကမူ ဒေါ်နယ်ထရမ့် ဂျူနီယာတွင် ကိုဗစ်- ၁၉ ကူးစက်ခံရ ခြင်းမရှိခဲ့ပေ။ ပြီးခဲ့သည့်လအတွင်း ကလည်း အမေရိကန်တွင် ကိုဗစ်- ၁၉ ကြောင့် သေဆုံးမှုများအပေါ် လျစ်လျူရှု ပြောကြားသည့်အတွက် ၎င်းကို ဝေဖန်ခံနေရသည်။

ကိုဗစ်- ၁၉ ကြောင့် အမေရိကန် တွင် လူပေါင်း ၁၁ ဒသမ ၈ သန်း ကူးစက်ခံခဲ့ရပြီး လူပေါင်း ၂၅၃၀၀၀ အသက်ဆုံးရှုံးခဲ့ရသည်။ နိုဝင်ဘာ ၂၀ ရက် တစ်နေ့တည်းမှာပင် အမေရိကန် တွင် ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၁၉၂၀၀၀ ရှိသည်ဟု သိရသည်။

အေအက်ဖ်ပီ