လူစုလူဝေးကြောင့် COVID 19 ကူးစက်မှုနှုန်း တိုးလာဖို့ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး

17-Nov-2020

ရွေးကောက်ပွဲကာလအတွင်း လူစု၊ လူဝေးဖြစ်ခဲ့တဲ့ အရှိန်ကြောင့် လာမယ့် သီတင်းပတ်တွေ အတွင်း မြန်မာနိုင်ငံမှာ COVID 19 ကူးစက်မှုနှုန်း တိုးလာဖို့ ရှိနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနလာၤနေ့ မိန့်ခွန်းမှာ သတိပေးပြောကြားခဲ့ပါတယ်။

“ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့မှာ ရောဂါ ပြန့်ပွားမှုလေးတွေ နည်းနည်း ရှိလာပါတယ်။ ရန်ကုန် ကတော့ အားလုံးလည်း သိပြီးသားပါ။ ရန်ကုန်ကတော့ အများဆုံးပေါ့နော်။ ဒီ့အပြင် ဒီ တိုင်း သုံးတိုင်းမှာလည်း ရောဂါ ပျံ့ပွားမှုက နည်းနည်း တက်လာတဲ့ သဘောရှိပါတယ်။”

တနလာၤနေ့ နောက်ဆုံးရ စာရင်းတွေ အရ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြု လူနာ ၇၀,၀၀၀ ကျော် ရှိနေပါတယ်။ တနလာၤနေ့ အထိ COVID ကြောင့် သေဆုံးသူ စုစုပေါင်း ၁၅၉၉ ဦးရှိပြီး ဆေးရုံဆင်းသူ အရေအတွက်က ၅၃,၂၉၉ ဦးထိ ရှိသွားပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံမှာ COVID ရောဂါ ဆက်လက် ကုသမှု ခံယူနေရသူ ၁၀,၀၀၀ ကျော် ရှိပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ COVID 19 စစ်ဆေးပြီးသူပေါင်းက ၉ သိန်းကျော် ရှိပါတယ်။ COVID 19 ကြောင့် သေဆုံးမှုတွေထဲမှာ ရောဂါ အခံရှိသူတွေလည်း များတာကြောင့် ပြည်သူတွေ အနေနဲ့ ကျန်းမာရေး ဂရုစိုက်ကြဖို့ တိုက်တွန်းသလို ကျန်းမာရေး စနစ်ရဲ့ အားနည်းချက်တွေကို အစိုးရဘက်က ပြုပြင်နေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က COVID 19 အခြေအနေ ဆိုင်ရာ အစီရင်ခံချက်မှာ ထည့်သွင်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် COVID 19 ကပ်ဘေး ကာလ အတွင်း အခြေခံ လူထုကြား အသေးစား ချေးငွေ ပြန်လည် ပေးဆပ်မှုကို ဆိုင်းငံ့ပေးနိုင်ရေး ရခိုင်၊ ရန်ကုန်နဲ့ ပဲခူးတိုင်းတို့မှာ ဆောင်ရွက်မယ့် အစီအစဉ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။

“ COVID ရောဂါ ပြန့်ပွားမှုလည်း အများဆုံး ဖြစ်ပြီး လူဦးရေလည်း များတဲ့ ပြည်နယ် တခုနဲ့ တိုင်း ၂ ခုကို ကျမတို့ ရွေးပြီးတော့ အဲဒါတော့ ရန်ကုန်ရယ်၊ ပဲခူးရယ်၊ ရန်ကုန်ရယ်ပေါ့နော်။ အဲဒီက အသေးစား ငွေချေး အဖွဲ့အစည်းတွေကို ကျမတို့ အစိုးရ အဖွဲ့နဲ့ ညှိပြီးတော့ ပြန်ပြီး ဆပ်ရမယ့် ပြည်သူတွေ အနေနဲ့ ဆိုင်းငံ့ပေးဖို့၊ ဒီ ကြွေးပြန်ဆပ်ချိန်ကို ဆိုင်းငံ့ပေးဖို့ အစီအစဉ်ကို ကျမတို့ စပြီးတော့ ဆောင်ရွက်နေပါတယ်။”

အခု လေးကြိမ်မြောက် အဖြစ် အခြေခံ လူထု အတွက် ထောက်ပံ့မှုမှာလည်း လူစုလူဝေး မဖြစ်စေဖို့နဲ့ မရရင် တိုင်ကြားနိုင်တဲ့ ဌာနတွေကို တိုင်ကြားကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

Crd VOA News