အမေရိကန် ကိုဗစ် ကာကွယ်ဆေး အသက် ၆၅ အထက်တွေမှာ ၉၄ ရာနှုန်း ထိရောက်တယ်လို့ဆို

18-Nov-2020

အမေရိကန် ကုမ္ပဏီ ဖိုင်ဇာနဲ့ ဂျာမန် ကုမ္ပဏီ ဘိုင်အွန်တက်တို့ ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးဟာ အသက် ၆၅ နှစ်အထက်တွေမှာ ၉၄ ရာခိုင်နှုန်း ကာကွယ်နိုင်တာတွေ့ရတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

စမ်းသပ်ဆဲ အချက်အလက်တွေကို ကုမ္ပဏီတွေက ထပ်ထုတ်ပြန်ချက်အရ အဲဒီဆေးဟာ မတူတဲ့ အသက်နဲ့ လူမျိုး အုပ်စု တွေကြားမှာ ကာကွယ်ပေးနိုင်မှု အတူတူပဲလို့ သိရပါတယ်။

အခုအခါမှာ ဒီဆေးကို အမေရိကန် နိုင်ငံတွင်း အသုံးပြုနိုင်ဖို့ အရေးပေါ် အသုံးပြုခွင့် လျှောက်ထားမယ်လို့ ကုမ္ပဏီတွေက ပြောပါတယ်။

ဒီရလဒ်ဟာ ကမ္ဘာတစ်ဝန်းက လူ ၄၁၀၀၀ ကျော်မှာ ဆေးနှစ်ကြိမ်ပေးပြီး ရလာတဲ့ အချက်တွေကို အခြေခံထားတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖိုင်ဇာနဲ့ ဘွန်အွန်တက်တို့က ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှု ကြားဖြတ်ရလဒ်တွေကို ထုတ်ပြန်ခဲ့ကြပြီး လူတွေကို အန္တရာယ်ရှိနိုင်မှု မတွေ့ရဘူးလို့လည်း ဆိုပါတယ်။

အဲဒီနောက် အမေရိကန် ကုမ္ပဏီ မိုဒါးနားကလည်း ၉၅ ရာခိုင်နှုန်းနီးပါး ကာကွယ်ပေးနိုင်တဲ့ သူတို့ကာကွယ်ဆေးရဲ့ အချက်လက်အလက်တွေကို ကြေညာခဲ့ပါတယ်။

ဖိုင်ဇာနဲ့ ဘိုင်အွန်တက်တို့ လူ ၁၇၀ မှာ ၈ ဦးကို ကာကွယ်ဆေးပေးတဲ့ အုပ်စုတစ်စုမှာ စမ်းသပ်မှုကို အခြေခံထားတဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အချက်အလက်အရ ကာကွယ်ဆေးဟာ ၉၅ ရာခိုင်နှုန်း ထိရောက်တယ်လို့ သိရပါတယ်။

ဒီဆေးဟာ ဆိုးဆိုးရွားရွား ဘေးထွက်ဆိုးကျိုးသက်ရောက်မှု မရှိသေးဘူးလို့ ကုမ္ပဏီတွေက ပြောပါတယ်။

ဒါပေမဲ့ ခေါင်းကိုက်တာ၊ နုံးချိပင်ပန်းတာ တွေကို ဆေးထိုးစမ်းသပ်ခံသူ ၂ ရာခိုင်နှုန်းလောက်မှာ သတိထားမိတယ်လို့ ပြောပါတယ်။

ဒီစမ်းသပ်မှုထဲက ၄၂ ရာခိုင်နှုန်းက မတူတဲ့ လူမျိုးတွေ ဖြစ်ပြီး ၄၁ ရာခိုင်နှုန်းက အသက် ၅၆ နှစ်နဲ့ ၈၅ နှစ်ကြားတွေ ဖြစ်ပါတယ်

စမ်းသပ်မှုကို ဆက်လုပ်နေဆဲဖြစ်ပြီး ဆေးရဲ့ စိတ်ချရမှုနဲ့ ထိရောက်မှု အချက်အလက်တွေကို နောက်ထပ် နှစ်နှစ်ဆက်ပြီး မှတ်တမ်းပြုစုနေမှာ ဖြစ်ပါတယ်။

ဒီဆေးကို အမေရိကန်၊ ဂျာမနီ၊ တူရကီ၊ တောင်အမေရိက၊ ဘရာဇီးနဲ့ အာဂျင်တီးနားနိုင်ငံတို့က စမ်းသပ်ခန်း ၁၅၀ မှာ စမ်းသပ်နေပါတယ်။

အဲဒီကုမ္ပဏီနှစ်ခုက ဒီနှစ်မှာ ဆေး သန်း ၅၀ နဲ့ နောက်နှစ် အကုန်မှာ ဆေး ၁.၃ ဘီလျံ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

ယူကေက အဲဒီဆေး သန်း ၄၀ ကြိုတင်မှာယူထားပြီး ဒီနှစ်အကုန်မှာ ဆေး ၁၀ သန်း ရ ဖွယ် ရှိပါတယ်။