ကမ္ဘာ့အသက်ကြီးဆုံးအဘွားအို၏ ၁၁၈ နှစ်ပြည့် မွေးနေ့ကျင်းပ

04-Jan-2021

တိုကျို     ဇန်နဝါရီ     ၃

သက်ရှိထင်ရှားရှိသည့် ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း၌  အသိအမှတ်ပြုခံရသည့် အဘွားအို၏ ၁၁၈ နှစ် ပြည့် မွေးနေ့အခမ်းအနားကို ယမန်နေ့တွင် ကျင်းပခဲ့သည်။

တာနာကာကာနဲအမည်ရှိ အဘွားအိုသည် ၁၉၀၃  ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ   ဖူကူအိုကာမြို့၌   မွေးဖွားခဲ့သူ ဖြစ်သည်။

သက်ကြီးရွယ်အိုများ စောင့်ရှောက်သည့် ဂေဟာတစ်ခုတွင် အဘွားအိုတာနာကာ နေထိုင် လျက်ရှိသည်။

ဂျပန်နိုင်ငံတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားနေမှုကြောင့် အဘွားအို တာနာကာသည် ၎င်း၏ ဆွေမျိုးသားချင်းတော်စပ်သူများနှင့် တွေ့ဆုံရန်  အခွင့်အလမ်း မရှိသလောက် ဖြစ်နေသည်။ အဘွားအိုသည် ကျန်းမာရေးကောင်းမွန်ကြောင်း၊ တစ်နေ့လျှင် အစာသုံးကြိမ်စားသုံးကာ လေ့ကျင့်ခန်း ပြုလုပ်ကြောင်း သိရသည်။

အသက် ၁၁၈ နှစ်အရွယ်ရှိ   အဘွားအို တာနာကာသည် အချိုရည်များနှင့် ချောကလက်  စားသုံးရခြင်းကို နှစ်သက်သည်။  ၎င်းအနေဖြင့်  အသက်   ၁၂၀  ထိ   ကျန်းမာစွာ နေထိုင်သွားရန်  အစီအစဉ်ရှိကြောင်း အဘွားအို   တာနာကာက ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - ဇော်ဝင်း