Pennsylvania ပြည်နယ် မဲရလဒ် အတည်မပြုဖို့ တောင်းဆိုချက် တရားသူကြီး ပယ်ချ

22-Nov-2020

အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ် သမ္မတရွေးကောက်ပွဲ ရလဒ်တွေကို ပြည်နယ်တာဝန်ရှိသူတွေက အတည်ပြုဖို့ကိစ္စကို ရပ်တန့်ခိုင်းမှာ မဟုတ်ဘူးလို့ PA ပြည်နယ်က ဖက်ဒရယ်တရားသူကြီးက ပြောလိုက်ပါတယ်။ အဲဒီရွေးကောက်ပွဲရလဒ်တွေအရ ဒီမိုကရက်ပါတီက Joe Biden က PA ပြည်နယ်မှာ မဲအရေအတွက် ၈၀,၀၀၀ ကျော်နဲ့ အနိုင်ရခဲ့တယ်လို့ ဖော်ပြနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတ Trump ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့က တရားရုံးက တားဆီးမိန့်ချမှတ်ပေးဖို့အတွက် တောင်းဆိုတာကို အမေရိကန် ခရိုင်တရားသူကြီး Matthew Brann က စနေနေ့မှာ ပယ်ချလိုက်တာ ဖြစ်ပါတယ်။

တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ထဲမှာတော့ သမ္မတ Trump ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ လျှောက်လဲချက်တွေဟာ သက်သေအထောက်အထား ခိုင်ခိုင်မာမာ ပြသနိုင်ခြင်းမရှိဘဲ ခန့်မှန်းပြီး စွပ်စွဲပြောဆိုနေတာ ဖြစ်တယ်လို့ ဆိုပြီး ပြောထားပါတယ်။

သမ္မတ Trump အနေနဲ့ ရွေးကောက်ပွဲ အနိုင်ရဖို့ Pennsylvania ပြည်နယ်ရဲ့ အထူးကိုယ်စားလှယ်မဲ ၂၀ အပြင် တခြားပြည်နယ်တချို့က အထူးကိုယ်စားလှယ်မဲတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

သမ္မတ Trump နဲ့ သူ့ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့နဲ့ သူ့ရဲ့ ရှေ့နေတွေကတော့ ဒီဆုံးဖြတ်ချက်က သူတို့အနေနဲ့ ဒီအမှုကို အမေရိကန် တရားရုံးချုပ်ကို အမြန်တက်နိုင်အောင် လုပ်ပေးလိုက်တာ ဖြစ်တဲ့အတွက် အပြုသဘောဆောင်တဲ့ တိုးတက်မှုဖြစ်တယ်ဆိုပြီး ပြောနေကြပါတယ်။