ရန်ကုန်မြို့ အဆင့်မြင့် မင်္ဂလာဈေးအပါအဝင် ဈေးအားလုံးကို ဇန်နဝါရီ ၁၄ ရက်တွင် တစ်ပြိုင်တည်းဖွင့်လှစ်နိုင်ရန် စီစဉ်

10-Jan-2021

ရန်ကုန် ဇန်နဝါရီ ၉

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ အဆင့်မြင့်မင်္ဂလာ ဈေးအပါအဝင် အဆိုပါဝင်းအတွင်းရှိ ဈေးအားလုံးကို ဇန်နဝါရီ ၁၄ ရက် တွင် တစ်ပြိုင်တည်းဖွင့်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း မင်္ဂလာ တောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

“ဈေးတွေကို ပြန်ဖွင့်ဖို့ကြိုးစား ဆောင်ရွက် တာကတော့ ဈေးတွေ ပိတ်ထားတာက သုံးလကျော် လေးလထဲရောက်သွားပြီဆိုတော့ ဈေးသူ ဈေးသားတွေ ဆိုင်ခန်းဖွင့်လှစ်ရောင်းချတဲ့သူတွေမှာ နစ်နာမှုတွေ အများကြီးရှိလာတယ်။ အဓိက ဆိုင် တွေမှာ မှီခိုပြီး လုပ်ကိုင်စားသောက်နေတဲ့ အလုပ် သမားဝန်ထမ်းတွေ၊ သူတို့ရဲ့ မိသားစုတွေလည်း စားဝတ်နေရေး အတော်လေးအခက်အခဲဖြစ်နေတာ တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီဈေးကြီး ကို ဖွင့်နိုင်အောင်ကြိုးစားဆောင်ရွက်နေပါတယ်”ဟု မော်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

အဆင့်မြင့်မင်္ဂလာဈေးအပါအဝင် အဆိုပါဝင်း အတွင်းရှိ မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေး၊ ယာယီ မင်္ဂလာဈေးနှင့် ရွှေပြည့်စုံဈေးတို့ကို တစ်ပြိုင်နက် တည်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါဈေးများကို ကိုဗစ်-၁၉ကပ်ရောဂါ ဒုတိယအကျော့ စက်တင်ဘာ ၁၂ ရက်တွင် ပိတ်ခဲ့ခြင်းဖြစ်သည်။ ကိုဗစ် -၁၉ ကပ်ရောဂါ ပထမအကျော့ ဧပြီလထဲတွင်လည်း ယင်းဈေးများကို ယာယီပိတ်ထားခဲ့ရကြောင်း၊ ယခု ဒုတိယအကျော့တွင် ယုဇနပလာဇာကဲ့သို့ လေးလကြာ အရောင်း၊ အဝယ် ရပ်နားထားခဲ့ရကြောင်း သိရသည်။

“ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနကလည်း ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ခြင်းဆိုတဲ့ အသုံးအနှုန်းလေးရှိတယ်။ ကျွန်တော့်အနေနဲ့ ဒီအပေါ်နားလည်တာက ကိုဗစ်၁၉ ရောဂါကို ကူးစက်မှုမဖြစ်အောင် ပိုပြီးကာကွယ်စောင့်ရှောက်ရမယ်။ တစ်ဖက်ကလည်း စားဝတ် နေရေး အစစအရာရာ အဆင်ပြေအောင် လှုပ်ရှား သွားလာရပ်တည်ရမယ်။ ဒါကြောင့် အများပြည်သူ စားဝတ်နေရေး ပြေလည်ဖို့နဲ့ ဒုက္ခရောက်နေတဲ့သူ တွေ အဆင်ပြေဖို့ လုပ်ကိုင်ရင်းနဲ့ ကိုဗစ်ရောဂါ ကာကွယ်မှုကိုလည်း ဈေးတွေမှာ တစ်ခါတည်း ဆောင်ရွက်သွားမှာဖြစ်တယ်။ ပြောရရင် ကိုဗစ် ရောဂါကိုလည်း ကာကွယ်မယ်၊ တစ်ဖက်မှာလည်း လုပ်ငန်းတွေ လည်ပတ်အောင် ဆောင်ရွက်မယ် ဆိုတဲ့ အနေအထားမျိုးနဲ့ ရည်ရွယ်ပြီးတော့ ဒီ တွေကို ဖွင့်နိုင်အောင် ကြိုးစားဆောင်ရွက်နေတာ ဖြစ်တယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်က ထပ်မံရှင်းပြသည်။

ဈေးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီသို့ တင်ပြကာ လမ်းညွှန်မှုများနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေး မည်ဖြစ်ပြီး မြို့နယ်ကိုဗစ်-၁၉ ကော်မတီကလည်း ဈေးများပြန်လည်ဖွင့်လှစ်နိုင်ရေး ခွင့်ပြုပေးထားပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ခွင့်ပြုပါက လာမည့် ဇန်နဝါရီ ၁၄ ရက်တွင် အဆိုပါဈေးများကို စည်းကမ်းချက်များနှင့်အညီ တင်းတင်း ကျပ်ကျပ် ဆောင်ရွက်ကာ ပြန်လည်ဖွင့်လှစ်ပေး မည်ဖြစ်သည်။

အဆိုပါ ဈေးများတွင် ဆိုင်ခန်းပေါင်း ၆၀၀၀ ကျော်ရှိပြီး ဇန်နဝါရီ ၁၄ ရက်တွင် ပြန်ဖွင့်ဖြစ်ပါက ဈေးများ၏အထပ်အလွှာတိုင်းတွင် ဈေးသူဈေးသားများပါဝင်သော ကိုဗစ်-၁၉ ကာကွယ်ရေးအဖွဲ့ များကို အထပ်တိုင်းဖွဲ့ကာ အထပ်တိုင်းလှည့်ပတ် သွားလာပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်သော လိုအပ်ချက်များကို နှိုးဆော် လုပ်ဆောင်ကာ စောင့်ကြည့်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ဈေးဖွင့်ချိန်ကိုလည်း နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်းသာ ခွင့်ပြုမည်ဖြစ် ကာ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိမှသာ ယခင်အတိုင်း နံနက် ၈နာရီမှ၆ နာရီအထိ ပြန်လည် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မောင်စိန်လွင်(မြန်မာ့အလင်း)

ဓာတ်ပုံ- မင်းထက်