ကပ်ဘေးကာလ ခက်ခဲမှုကြောင့် အလှူခံပြီး စားရသူတွေရှိလာ

10-Dec-2020

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ကာလမှာ သွားလာရေး၊ အလုပ်အကိုင်ခက်ခဲနေလို့ စားဝတ်နေရေး မပြေလည်တာကြောင့် အကူအညီပေးကြဖို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြိုနယ်၊ ၁၁၈ လမ်းနဲ့ ၄၅ လမ်းထောင့်က ကျုးကျော် နေထိုင်တဲ့သူတွေဟာ သူတို့ရဲ့နေအိမ်ရှေ့မှာ စာရေးသား အလှူခံတာတွေ လုပ်လာကြပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲက ဒီကျူးကျော်တဲတွေမှာ ကျပန်းအလုပ် လုပ်ကိုင်စားသောက်ကြတဲ့ မိသားစုတွေ နေကြတာဖြစ်ပြီး အိမ်ထောင်စုပေါင်း ခြောက်စုနဲ့ လူဦးရေ ၃၃ ယောက် ရှိပါတယ်။

ဗိုင်းရပ်စ် စတင်ပြန့်ပွားချိန်က စလို့ အလုပ်အကိုင်တွေ မရှိဘဲ အခက်အခဲဖြစ်နေကြတာလို့ သူတို့က ပြောပါတယ်။

အလုပ်ရှာဖွေလုပ်ကိုင်လို့လည်း မရတဲ့အခြေနေမှာ စားစရာက တစ်ရက်စာပဲ ကျန်တော့တာမို့ ၈ ရက်နေ့ မနေ့က နေအိမ်ရှေ့မှာ စာထုတ်ပြီး အလှူခံလိုက်တာ ဦးဝင်းအောင်က ပြောပါတယ်။

“ငါးပိနဲ့ ပေါက်နေတဲ့ ကန်စွန်းတွေနဲ့ စားမယ်။ ဒါက တစ်ဦးစာပဲ၊ ငရုတ်သီး များများ ထည့်မယ်၊ အစပ်ပါတော့ အကုန်အကျ သက်သာတာပေါ့”

လက်ရှိမှာတော့ မန္တလေးခရိုင်အတွင်း နေအိမ်အပြင်မထွက်ရ သတ်မှတ်ထားလို့ သက်သေခံလက်မှတ် အထောက်အထား ပြည့်စုံမှ အပြင်ထွက်ခွင့်ရကြပါတယ်။

အပြင်ထွက်ခွင့်ကတ်လည်း အကန့်အသတ်နဲ့ပဲ ရထားတာလို့ ကျူးကျော်တဲမှာ နေထိုင်တဲ့ ဦးမောင်ခင်က ရင်ဖွင့်ပါတယ်။

“အခုလို တင်ပြတာက ဒုက္ခတော်တော်ရောက်နေပြီ၊ စားစရာလည်း မရှိတော့ဘူး၊ အပြင်ထွက်လို့ကလည်း မရဘူး။ တစ်ဖွဲ့လုံးမှ နှစ်ကတ်ပဲရတာ၊ တစ်ယောက် အပြင်သွားရင် ကျန်တဲ့သူ သွားမရတော့လို့ ရိုးသားစွာ တင်ပြရတာပါ”

အလုပ်အကိုင်မရှိလို့ အလှူရှင်တွေကို မျှော်လင့်နေတယ်လို့ မစုလှိုင်က ပြောပါတယ်။

“တစ်ယောက် တစ်ပြည်ရလို့ လေးပြည်ရရင် နှစ်ရက်တော့ လုံလောက်တယ်။ ပေးသလောက်ယူပါမယ်။ လာလှူတဲ့သူကို ဦးပဲချရချရပါ။ တကယ်ကို လိုအပ်နေလို့ပါ”

မန္တလေးခရိုင်အတွင်း မြို့နယ် ၇ မြို့နယ်မှာ အခုလ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ နေအိမ် အပြင်မထွက်ရ သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ ၅ ရက်တာအတွင်း စည်းကမ်းချက် မလိုက်နာဘဲ အပြင်ထွက်တဲ့ သူတွေကို တစ်ယောက် ကျပ် ၅၀၀၀ နှုန်း ဒဏ်ရိုက်ခဲ့ပြီး ဒဏ်ရိုက်ခံထားရသူ ၅၆၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

RFA Burmese