ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူညီမှုစာချုပ် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံ လက်မှတ်ရေးထိုး

16-Nov-2020

ကမ္ဘာ့စီပွားရေး သုံးပုံတစ်ပုံနီးပါး အကျုံးဝင်တဲ့ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများ သဘောတူစာချုပ်ကို နိုင်ငံပေါင်း ၁၅ နိုင်ငံက လက်မှတ်ရေးထိုးလိုက်ပါတယ်။

RCEP လို့ခေါ်တဲ့ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်မှာ အရှေ့တောင် အာရှ နိုင်ငံ ၁၀ နိုင်ငံအပါအဝင် တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ ဩစတြေးလျ နဲ့ နယူးဇီလန်နိုင်ငံတို့ ပါဝင်ပါတယ်။

ဒီသဘောတူစာချုပ်ဟာ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှု တိုးချဲ့မှုတစ်ခုလို့ ရှုမြင်ကြပါတယ်။

အာရှပစိဖိတ် ကုန်သွယ်ရေး သဘောတူစာချုပ်ကနေ ၂၀၁၇ ခုနှစ်က နုတ်ထွက်ခဲ့တဲ့ အမေရိကန် နိုင်ငံကတော့ RCEP သဘောတူစာချုပ်မှာ မပါပါဘူး။

သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ အာဏာရပြီး မကြာခင်မှာပဲ TPP လို့ခေါ်တဲ့ ပစိဖိတ် သမုဒ္ဒရာ ရပ်ဝန်းဒေသ စီးပွားရေး သဘောတူညီမှု စာချုပ်ကနေလည်း နုတ်ထွက်ခဲ့ပါတယ်။

အဲဒီ သဘောတူစာချုပ်မှာ နိုင်ငံပေါင်း ၁၂ နိုင်ငံ ပါဝင်ပြီး ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ ဩဇာကြီးထွားလာမှုကို တုံ့ပြန်နိုင်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ သမ္မတဟောင်း အိုဘားမားက ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

RCEP လို့ခေါ်တဲ့ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်နဲ့ ပတ်သက်လို့ စေ့စပ်ညှိနှိုင်းဆောင်ရွက်မှုတွေဟာ ၈ နှစ်လောက် ကြာခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများ အွန်လိုင်းထိပ်သီးဆွေးနွေးပွဲမှာ RCEP သဘောတူစာချုပ်ကို တနင်္ဂနွေနေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီသဘောတူစာချုပ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကနေ စီးပွားရေး ပြန်လည်ဦးမော့လာဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ ခေါင်းဆောင်တွေက မျှော်လင့်နေကြပါတယ်။

"လက်ရှိ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြားမှာ ၈ နှစ်ကြာ စေ့စပ်ညှိနှိုင်းမှုတွေနောက်ပိုင်း ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်နိုင်တာဟာ အမှောင်ထုတွေကြားထဲမှာ မျှော်လင့်ချက်ရောင်ခြည် သန်းလာတာ ဖြစ်တယ်"လို့ တရုတ်ဝန်ကြီးချုပ် လီကာချမ်းက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာလည်း ဒီစေ့စပ်ညှိနှိုင်းမှုတွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ စည်းကြပ်ခွန်တွေ လျှော့ကောက်တာဟာ နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေကို အထိနာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်ကြောင့် ပြီးခဲ့တဲ့နှစ်မှာ နှုတ်ထွက်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံတွေကတော့ အနာဂတ်မှာ အိန္ဒိယနိုင်ငံ ပါဝင် ပူးပေါင်းဖို့အတွက် တံခါးဖွင့်ထားဆဲလို့ ပြောပါတယ်။

ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP သဘောတူစာချုပ်ဟာ နှစ်ပေါင်း ၂၀ အတွင်း ပြည်ပက သွင်းကုန်အများအပြားအပေါ် အခွန်အခတွေ မကောက်ခံဖို့ မျှော်လင့်ရပါတယ်။

ဒါ့အပြင် ဥာဏပစ္စည်း မူပိုင်ခွင့်၊ ဆက်သွယ်ရေး လုပ်ငန်းတွေ၊ ဘဏ္ဍရေးလုပ်ငန်းတွေ၊ အွန်လိုင်းကနေ အရောင်းအဝယ်လုပ်ကြတဲ့ e-commerce လုပ်ငန်းတွေနဲ့ အတတ်ပညာပိုင်းဆိုင်ရာ ကဏ္ဍတွေမှာ ကန့်သတ်ချက်တွေလည်း ဒီသဘောတူစာချုပ်မှာ ပါဝင်ပါတယ်။

ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံတွေဟာ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံ နီးပါး ရှိပြီး ကမ္ဘာတစ်ဝန်း ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု GDP တန်ဖိုး ၂၉ ရာခိုင်နှုန်း ရှိပါတယ်။

Crd BBC News