ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သစ်တောစိုက်ခင်းများနှင့် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

20-Dec-2020

နေပြည်တော်   ဒီဇင်ဘာ  ၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကော်စီနယ်မြေ နေပြည်တော်-ကံပြားလမ်း   မိုင်တိုင်အမှတ် (၁၂/၀) အနီး ငလိုက်ကြိုးဝိုင်း  အကွက်အမှတ်(၂၈)အတွင်းရှိ ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင် ထားသည့် ပုဂ္ဂလိကသစ်မာ မန်ဂျန်ရှားသစ်မျိုး စိုက်ခင်းဧက ၅၀ စိုက်ခင်းအောင်မြင်ရှင်သန်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး စိုက်ခင်းပြုစုစောင့်ရှောက်ထိန်းသိမ်းရေးအတွက် လိုအပ်သည်များအား ဆွေးနွေးမှာကြားသည်။

ရှေးဦးစွာ စိုက်ခင်းယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက စိုက်ခင်းတည်ထောင်ခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်အကြံပေးဆွေးနွေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်-ကံပြားလမ်း မိုင်တိုင်အမှတ် (၁၃/၀)အနီး  ငလိုက်ကြိုးဝိုင်း  အကွက် အမှတ် (၂၉) နှင့် (၃၀) အတွင်း  မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် သစ်တော ဦးစီးဌာနမှ ၂၀၁၉ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင် ထားသည့်   ဂေဟစနစ်ဖြည့်တင်းရေး   သစ်မျိုးစုံစိုက်ခင်း ဧက ၁၀၀ စိုက်ခင်းအောင်မြင်ရှင်သန်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး စိုက်ခင်းမီးကာကွယ်ခြင်း၊ ခြောက်သွေ့ရာသီ အတွက်  စိုက်ခင်းရေပေးဝေခြင်းနှင့် စိုက်ခင်းပြုစု စောင့်ရှောက်ရေးအတွက်  လိုအပ်သည်များ  လမ်းညွှန် မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်-ကံပြားလမ်း  မိုင်တိုင်အမှတ် (၁၃/၇)အနီး ငလိုက်ကြိုးဝိုင်း အကွက်အမှတ် (၃၀)အတွင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ လှူဒါန်း ငွေဖြင့် သစ်တောဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် ဂေဟစနစ်ဖြည့်တင်းရေး သစ်မျိုးစုံစိုက်ခင်းဧက ၁၀၀ ကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စိုက်ခင်းစခန်း ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက စိုက်ခင်း တည်ထောင်ခြင်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်အတွင်း နောက်ထပ် စိုက်ပျိုးမည့် ဂေဟစနစ်ဖြည့်တင်းရေး သစ်မျိုးစုံစိုက်ခင်းဧက ၁၀၀ နှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေ သည့် ကာလအတွင်း စိုက်ခင်းထိန်းသိမ်းပြုစုစောင့်ရှောက်ခြင်းနှင့် စိုက်ခင်းတည်ထောင်ခြင်းများအတွက် အလုပ်သမားများ ရရှိနိုင်မည့်အခြေအနေ၊ စိုက်ပျိုးမည့် သစ်မျိုးများ၊ စိုက်ပျိုးမည့်ပုံစံနှင့် စိုက်ခင်းရေပေးဝေရေးအတွက် အသေး စိတ် ညှိနှိုင်းဆွေးနွေးပြီး တင်ပြရန်မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းသို့ ရောက်ရှိပြီး စခန်းအတွင်း တောတွင်းဖြတ်လျှောက်လမ်း တည်ဆောက်မည့် လမ်းအူကြောင်း နေရာကိုလည်းကောင်း၊ အပူပိုင်းထင်းရှူးမျိုး ကွက်လပ်ဖြည့်စိုက်ခင်းကိုလည်းကောင်း၊ တောတွင်း ဖြတ်လျှောက်လမ်း တည်ဆောက်ခြင်း၊ ယာယီနားနေဆောင်နှင့် ကြိုးတံတား တည်ဆောက်ရေး လုပ်ငန်းများကိုလည်းကောင်း၊ ရွက်အုပ်ဖြတ်ကျော် လျှောက်လမ်းကိုလည်းကောင်း စစ်ဆေးကြည့်ရှုပြီး တည်ဆောက်ရေးလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ အများပြည်သူများ အပန်းဖြေနားနေရာတွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် တည်ဆောက်ရေးအချိန်ကာလတို့နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလိုက် စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းရှိ ဆင်များကို စစ်ဆေးကြည့်ရှု၍ ဆင်များအား အစာကျွေးခြင်း၊ ဆင်ပြ တိုက်အား စစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်