ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ဒေါ်အောင်ဆန်းစုကြည် ကတိပြု

14-Dec-2020

မြန်မာနိုင်ငံမှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ပမာဏ တန်ချိန် သန်း ၂၅၀ လောက် လျှော့ချဖို့ ရည်မှန်းကြောင်း Climate Ambition Summit ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကတိကဝတ်ပြုကြတဲ့ ထိပ်သီးညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိပြုလိုက်ပါတယ်။

“မြန်မာနိုင်ငံဟာ စက်မှုလုပ်ငန်း နည်းပေမယ့်လည်း ရာသီဥတု ပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို ခုခံနိုင်စွမ်းမရှိဆုံး နိုင်ငံတခု ဖြစ်ပါတယ်” လို့ ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲမှုအရေး မြန်မာ့ကတိကဝတ်တွေကို ကြေညာခဲ့တာပါ။ ကုလသမဂ္ဂရဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အလုပ်အဖွဲ့ UNFCCC ထံကိုလည်း မြန်မာနိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲမှုအရေး ကိုင်တွယ်လုပ်ဆောင်မယ့် အစီအစဉ်ကို ဒီနှစ်ကုန်ပိုင်းမှာ တင်သွင်းပါမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီ အမျိုးသားအဆင့်မှာ ဘာတွေ ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

“ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှုကို ၃၉ ရာခိုင်နှုန်း တိုးမြှင့်မယ်၊ နောက် သစ်တောကဏ္ဍကနေ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၂၅ ရာခိုင်နှုန်း လျှော့ချမှုတွေနဲ့ နိုင်ငံရဲ့ ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၂၄၃ သန်းကျော် လျှော့ချမယ့် ရည်မှန်းချက် အမျိုးသားအဆင့် စီမံကိန်းမှာ ပါဝင်ပါမယ်” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုရေး အစိုးရဘက်က တိုးမြှင့် ဆောင်ရွက်လာတဲ့ အထဲမှာ နေရောင်ခြည်သုံး ဆိုလာစွမ်းအင်စနစ် တိုးချဲ့ဖို့လည်း ပါဝင်ပါတယ်။ ပြည်တွင်းပြည်ပဖက်စပ် ဆိုလာစွမ်းအင် ထုတ်လုပ်ရေးကို မြန်မာနိုင်ငံတွင်း ပထမဆုံး အကောင်အထည်ဖော်ခဲ့တဲ့ မကွေးတိုင်းရဲ့ ဆိုလာစွမ်းအင် အတွေ့အကြုံကို သဘာဝပတ်ဝန်းကျင်၊ သယံဇာတနဲ့ စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်ကို ပြီးခဲ့တဲ့လပိုင်းအတွင်းက ဗွီအိုအေက မေးမြန်းထားပါတယ်။

“သူ့တခုတည်းကို အားကိုးရင်တော့ လုံလောက်တဲ့စွမ်းအင်ရဖို့ တော်တော်ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ အခု off Grid လုပ်တယ်။ ချင်းတွင်းမြစ်နဲ့ ဧရာဝတီ မြစ်ဆုံမှာရှိတဲ့ ကျွန်းကြီးပေါ်မှာ ဆိုလာစနစ်နဲ့လုပ်တဲ့ ရွာတွေပေါ့။ ဆိုလာနဲ့လုပ်တဲ့ ယူနစ် cost ကျသင့်ငွေက ဈေးလည်း ပိုကြီးပါတယ်။ တယူနစ်ကို ၃၀၀ ကျပ် ၃၅၀ ကျပ်။ တချို့ဆို အရင်းကြေကာလ လျှော့လို့ရှိရင် တယူနစ်ကို ၅၀၀ ကျပ်လောက်ထိ ပေးရတဲ့ဟာတွေ ရှိသလို သူတို့က အချိန်ပြည့်သုံးဖို့ လုံလောက်မှု သိပ်မရှိဘူး။ ဒါပေမယ့် လုံလောက်တယ် ဆိုရင်လည်း ဈေးက ပိုကြီးတယ်။ အဲလိုဖြစ်နေတယ်။ ကျနော်တို့ ဟဲဗီးတွေသုံးမယ်၊ အချိန်ပြည့်သုံးမယ်ဆိုရင်တော့ ဆိုလာက အားကိုးလောက်တဲ့ စနစ်တော့ မဟုတ်ဘူး။”

အစိုးရဘက်ကတော့ ရာသီဥတု ပြောင်းလဲမှုအရေး တုံ့ပြန်ကိုင်တွယ်မယ့် အစီအစဉ်ထဲမှာ စွမ်းအင်လေလွင့်မှု နည်းသွားအောင်လည်း လူနေအိမ်တွေ စက်မှုလုပ်ငန်းတွေနဲ့ တခြား ကဏ္ဍတွေမှာပါ ဆောင်ရွက်ဖို့၊ နောက် ဧကတသန်းခွဲနီးပါး သစ်တောကြိုးဝိုင်းတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး အများပိုင်နဲ့ ပုဂ္ဂလိကပိုင် မြေဧက ၆ သိန်းကျော်မှာ သစ်ပင်တွေ ပြန်ပြီး စိုက်ပျိုးသွားမယ့်အကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ္ဘာ့ခေါင်းဆောင်တွေ အွန်လိုင်းကနေ ပါဝင်ဆွေးနွေးကြတဲ့ Climate Ambition Summit မှာ ကတိပြု ပြောဆိုခဲ့ပါတယ်။

VOA News