ကလေးခိုးမှုနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဝန်ထမ်းသုံးဦးကို ကင်ညာအစိုးရဖမ်း

19-Nov-2020

ကင်ညာနိုင်ငံမှာ ကလေး မှောင်ခိုအရောင်းအဝယ်ဂိုဏ်း လုပ်နေတယ်လို့ စွပ်စွဲခံရတဲ့ အဆင်မြင့် ကျန်းမာရေး ဝန်ထမ်းသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မွေးကင်းစကလေးတွေ အပါအဝင် ကလေးခိုးမှုနဲ့ ရောင်းဝယ်မှုတွေ လုပ်နေတာကို ဘီဘီစီက စုံစမ်းဖော်ထုတ်ခဲ့ပြီးနောက် အခုလို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကလေးတွေကို တရားမဝင် ဆေးခန်းတွေနဲ့ ကင်ညာနိုင်ငံ နိုင်ရိုဘီ အစိုးရ ဆေးရုံကနေ ကြိုတင်မှာယူ ခိုးထုတ်ရောင်းချနေတယ်ဆိုတာတွေကို ဘီဘီစီ Africa Eye အစီအစဉ်က ဖော်ထုတ်ခဲ့ပါတယ်။

စုံစမ်းဖော်ထုတ်မှုအရ ကလေးတွေကို အမေရိကန်ဒေါ်လာ ၄၀၀ လောက်နဲ့ ရောင်းချနေကြတာကို သိရှိခဲ့ရတာပါ။

အဲဒီနောက် ရဲချုပ်က နိုင်ရိုဘီမြို့က ဆေးရုံတွေနဲ့ ကလေးဂေဟာတွေမှာ စုံစမ်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

စုံစမ်းမှုအရ အဆင့်မြင့် ကျန်းမာရေး အရာရှိကြီးတွေဟာ ကလေးမှောင်ခိုသမားတွေနဲ့ နီးနီးကပ်ကပ် ပတ်သက်နေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရဲထောက်လှမ်းရေးမှူးချုပ်တစ်ဉီးက ပြောပါတယ်။

သံသယရှိခံရသူတွေဘက်ကတော့ ဘာမှ မှတ်ချက် မပေးသေးပါဘူး။

ဘီဘီစီ စုံစမ်းဖော်ထုတ်မှုအရ အစိုးရဆေးရုံ မာမာလူစီ ကီဘာကီ ဆေးရုံမှာ အကျင့်ပျက်ခြစားမှုတွေ ရှိနေတယ်ဆိုတာကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။

ဆေးရုံက လူမှုရေး ဝန်ထမ်း ဖရက် လက်ပါရန်ဟာ ဆေးရုံမှာ စွန့်ပစ်သွားတဲ့ နှစ်ပတ်သား ယောက်ျားလေး တစ်ယောက်ကို ကလေးမှောင်ခို အသွင်ဆောင် သတင်းထောက်ကို ရောင်းချဖို့ ပါဝင်ပတ်သက်ခဲ့ပါတယ်။ ပြီးတော့ အဲဒီအတွက် ကင်ညာငွေ ရှီလင် သုံးသိန်း (အမေရိကန် ဒေါ်လာ ၂၇၀၀) ကို လက်ခံယူခဲ့ပါတယ်။

ဒါပေမဲ့ ဒီစုံစမ်းဖော်ထုတ် တွေ့ရှိမှုနဲ့ ပတ်သက်လို့ သဘောထားပေးဖို့ မေးမြန်းတာကို မစ္စတာ လီပါရန်ရော မာမာလူစီကီဘာကီ ဆေးရုံဘက်ကရော ဖြေဆိုဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ကင်ညာပြည်ထဲရေး ဝန်ကြီးက ဒီစုံစမ်းဖော်ထုတ်မှုအတွက် ဘီဘီစီကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

အာဖရိက အရှေ့ပိုင်းမှာရှိတဲ့ ဒီနိုင်ငံရဲ့ ကလေးမှောင်ခိုမှု ခိုင်မာတိကျတဲ့ အရေအတွက် မသိရပေမဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း"ကင်ညာကလေးပျောက်မှုအဖွဲ့" ကတော့ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ကလေးပျောက်ဆုံးမှု၊ခိုးမှု ၆၀၀ လောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

Crd BBC News