ထိုင်းက တရားမဝင်မြန်မာလုပ်သားတွေထဲ အလုပ်ရှင် နှင်ထုတ်ခံရသူတွေ ရှိလာ

24-Dec-2020

ထိုင်းနိုင်ငံ စမွတ်ဆာခွန်းခရိုင်မှာ ကိုဗစ်ကပ်ရောဂါပိုးတွေ့တဲ့သူ ထောင်ဂဏန်းလောက် ရှိလာပြီးတဲ့နောက် အနီးအနားက ခရိုင်တခုဖြစ်တဲ့ စမွတ်ပရာကမ်ခရိုင်ထဲက မြန်မာ တရားမဝင် အလုပ်သမားတွေကို အလုပ်ရှင်တွေက လက်မခံတော့ဘဲ နှင်ထုတ်တာတွေရှိလာပါတယ် ဒီသတင်းကို တင်ဆက်ပေးလိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ စမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့နယ် ပုဇွန်ဈေးကြီးမှာ ထိုင်နိုင်ငံသား တယောက် ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိပြီးတဲ့နောက် မြန်မာနိုင်ငံသား အများအပြား ကိုဗစ်ကူးစက်ခံနေရတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ ဒါတွေဟာ တရားမဝင်ခိုးဝင်နိုင်ငံခြားသားတွေကြောင့်လို့ ပြောဆိုခဲ့ပြီးတဲ့နောက် အနီးတဝိုက်က ခရိုင်တခုဖြစ်တဲ့ စမွတ်ပရာကမ်ခရိုင်ထဲမှာ တရားမဝင် အလုပ်သမားတွေ စွန့်ပစ်မှု ဖြစ်လာကြောင်း AAC အလုပ်သမားကူညီရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပြပါတယ်။

"ထိုင်းအာဏာပိုင်တွေက မြန်မာအလုပ်သမားတွေ၊ ခိုးဝင်တွေကို ဖိဖိစီးစီး ဖမ်းဆီးမှုတွေရှိတော့ မနေ့တုန်းက စမွတ်ပရာကမ်ခရိုင်တခုထဲက မြို့ထဲက အလုပ်ရုံတခုက တရားမဝင်အလုပ်သမားတွေရှိနေတဲ့ အလုပ်ရှင်က တရားမဝင် အထောက်အထား အလုပ်သမားတွေရှိနေတော့ ခရိုင်ထဲက စိုက်ခင်းတခုမှာ သွားပစ်တာပေါ့။ အလုပ်သမား ၂၃ ယောက်လို့ သိရတယ်။ ဒါကို သိတော့ ထိုင်းလူမျိုးတွေက သတင်းပို့တော့ ထိုင်းရဲတွေက သွားရောက်ထိန်းသိမ်းတယ်။ ပြီးတော့ စောင့်ကြည့်ရေးစခန်းတွေကို ပို့လိုက်တယ်လို့ ကျနော်တို့ သိရပါတယ်။"

ထိုင်းနိုင်ငံသားတွေက နေအိမ်တွေ အလုပ်တွေမှာ တရားမဝင်တွေကို လက်မခံရဲတာတွေရှိတာကြောင့်အခုဆိုရင် လမ်းပေါ်မှာ ဒုက္ခရောက်နေတဲ့သူတွေက အကူညီတောင်းခံတာတွေရှိလာတယ်လို့ ကိုရဲမင်းက ဆိုပါတယ်။ မြန်မာအလုပ်သမားတွေ သန်းနဲ့ချီ ရှိနေတဲ့ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်သမားပြဿနာတွေ အမြဲလိုရှိနေပေမဲ့ ကပ်ဘေးကာလမှာတော့ ဒီပြဿနာတွေကို မြန်မာသံရုံးက ဖြေရှင်းပေးစေချင်တယ်လို့လည်း ကိုရဲမင်းက ဆိုပါတယ်။

လက်ရှိ ကန့်သတ်ပိတ်ဆို့ထားတဲ့ မဟာချိုင်ဒေသက အခြေအနေတွေကိုတော့ မြန်မာသံရုံးဘက်က ထိုင်းအလုပ်သမားဝန်ကြီးဌာနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ မြန်မာသံရုံးအလုပ်သမားသံအရာရှိရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပေမဲ့ VOA က ဆက်သွယ်တာကိုတော့ ဖုန်းကိုင်ဖြေဆိုခြင်း မရှိသေးပါဘူး။

ကိုဗစ်ကပ်ရောဂါပိုး အများဆုံးတွေ့ရတာကြောင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ထိ မဟာချိုင်မြို့နယ် ကန့်သတ်ပိတ်ဆို့ထားတာပါ။ ပိတ်ဆို့ခံထားရတဲ့ မဟာချိုင်ဒေသက မြန်မာအလုပ်သမားတဦးကတော့ အခုလိုပြောပြပါတယ်။

"ကျနော်တို့ဝန်းထဲမှာ သတ်မှတ်ထားတာကတော့ အလုပ်သမား ၅၀၀ ကျော်ရှိတယ်ပြောတယ်။ ကျနော်တို့ဝန်းရဲ့ဘေးပတ်ဝန်းကျင် မြန်မာပြည်သားတွေရှိတာ အားလုံးပေါင်းချုပ်လိုက်တာအခု လူဦးရေ ၁,၀၀၀ ကျော်ရှိနေတယ်လို့သူတို့ကြေငြာတယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာ သူတို့ လာခေါ်တာလည်းမရှိဘူး။ ဆေးရုံကားနဲ့ တင်သွားတာလည်း မတွေ့ဘူး။"

ထိုင်းနိုင်ငံသား ပုဇွန်ဈေးက ဆိုင်ပိုင်ရှင်နဲ့ မိသားစုဝင်တွေနဲ့ ဆိုင်နဲ့ နီးစပ်သူ မြန်မာနိုင်ငံသားတချို့ကိုသာဆေးရုံကို ပို့ခဲ့ပေမဲ့ ပိုးတွေ့ရှိထားတဲ့ မြန်မာနိုင်ငံသားအများစုကိုတော့ လက်ရှိမှာ သီးခြားခွဲထားတာတွေ မရှိသေးပါဘူး။ ထိုင်းအာဏာပိုင်တွေကတော့ အရေးပေါ်ဆေးရုံတခုလုပ်ဖို့ စီစဉ်နေတယ်လို့လည်း ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြနေပါတယ်။

ထိုင်းနိုင်ငံမှာ လောလောဆယ်အထိ ကိုဗစ် အတည်ပြုလူနာ ၅,၇၀၀ ကျော်ရှိပြီး သေဆုံးသူ ၆၀ ဖြစ်ပါတယ်။ အိမ်နီးချင်းမြန်မာနိုင်ငံမှာ ရောဂါကူးစက်သူ ၁၁၈,၀၀၀ ကျော် ရှိနေချိန်မှာ ထိုင်းနိုင်ငံက နယ်စပ်ဒေသ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။

VOA News