ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ လူစည်ကားတဲ့နေရာတွေ ပိတ်ပင်

22-Dec-2020

ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလအတွင်းမှာ လူစုလူဝေးမဖြစ်စေဖို့အတွက် မြန်မာပြည်တဝန်း မြို့ကြီးတွေမှာ ပန်းခြံတွေနဲ့ လူအသွားအလာအစုအဝေးများတဲ့ နေရာတွေကို ပိတ်လိုက်တဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ခရစ္စမတ်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်ကာလမှာ လူစုလူဝေးမဖြစ်စေဖို့အတွက် လူစည်ကားတဲ့ နေရာတွေဖြစ်တဲ့ ပြည်သူ့ဥယျာဉ်၊ အင်းယားကန်ဘောင်၊ တိရိစ္ဆာန်ဥယျာဉ်နဲ့ ပန်းခြံကစားကွင်းတွေ အားလုံးကို ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ယာယီပိတ်လိုက်ပါတယ်။

ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလမှာ လူစုလူဝေးမဖြစ်ဖို့ COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားချက်တွေ ထုတ်ထားပြီးဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ လိုက်နာဆောင်ရွက်ကြဖို့ လိုတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။

“ဗဟို ကာထိန်းကုကလည်းပဲ ညွှန်ကြားပြီးသားဖြစ်ပါတယ်။ ခရစ္စမတ်မှာ လူစုလူဝေးမဖြစ်ပေါ်အောင် ဆောင်ရွက်ကြဖို့ တိုင်းဒေသကြီးက ခုထုတ်ပြန်တဲ့ထဲမှာလည်း ပါပါတယ်နော်။ ဘာသာပေါင်းစုံ အဲ့ဒီလို စုဝေးမှုတွေကို ရှောင်ရှားကြဖို့ဆိုတဲ့ ညွှန်ကြားချက် ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဒီ ခရစ္စမတ်မှာဆိုလို့ရှိရင်လည်း ခရစ်ယာန်ဘာသာဝင်တွေရဲ့ ထုံးစံ သီချင်းဆို လှည့်လည်တာတွေ မလုပ်ဖို့ ညွှန်ကြားပြီးဖြစ်ပါတယ်။ ညကို ဘုရားဝတ်ပြုတဲ့ အခါမှာလည်းပဲ ကိုဗစ်ညွှန်ကြားချက်နဲ့ အညီ ဆောင်ရွက်ကြပါဆိုတာ ထုတ်ပြန်ပြီးသားဖြစ်ပါတယ်။ နောက်တစ်ခု ရှိတယ်။ နှစ်သစ်ကူး New Year ပေါ့နော်။ အဲ့ဒီမှာ ကျနော်တို့တတွေ ပျော်ကြရွှင်ကြတာတွေ ရှိပါတယ်။ ဒါတွေလည်းပဲ ကျနော် ခုဏက ပြောတဲ့ထဲမှာ အကျုံးဝင်ပါတယ်။”

လက်ရှိ မြန်မာမှာ ဒီရက်ပိုင်းအတွင်း ကိုဗစ်ရောဂါပိုးတွေ့လူနာ ၅ ရာခိုင်နှုန်းအထိ လျော့ကျလာပြီ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ ပိုးတွေ့လူနာ အများဆုံးဖြစ်တဲ့ ရန်ကုန်မှာ ရောဂါကူးစက်မှု အရှိန်ကို ထိန်းနိုင်တဲ့ အနေအထားဖြစ်လာပြီ ဖြစ်တာကြောင့် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်တွေမှာ လူစုလူဝေးကတစ်ဆင့် ရောဂါကူးစက်မှုတွေ ထပ်မဖြစ်အောင် သတိထားဖို့ လိုတယ်လို့ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ပြောခွင့်ရ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကို ပြောပါတယ်။

“အခုလက်ရှိမှာလည်း ပန်းခြံတွေပိတ်ထားတယ်ဆိုတာမျိုး ဒါမျိုးတွေက တကယ်လုပ်သင့်တဲ့ လုပ်ဆောင်ချက်တွေဖြစ်တာကြောင့် အထူးကြိုဆိုရမှာဖြစ်ပါတယ်။ ဒီလိုပဲ ဆောင်ရွက်ရမှာဖြစ် ပါတယ်။ အခုလက်ရှိ အနေအထားအရဆိုရင် ကျမတို့ ၁၂ ရက် ၁၂ လလောက်ကနေ စပြီးတော့ ပိုးတွေ့နှုန်းတွေက ကျလာတယ်။ ရန်ကုန်ဆိုလို့ရှိရင် တော်တော်ကြီးကို တည်ငြိမ်လာတဲ့ အနေအထား လို့ ပြောမယ်ဆို ပြောလို့ရပါတယ်။ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ ဒီ ၃ တိုင်းကတော့ တော်တော်လေးကို ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရရှိနေပြီဖြစ်ပါတယ်။ သို့သော် မန္တလေးကတော့ Case တွေ တိုးနေဆဲပါပဲ။ ရန်ကုန်ဆိုရင် တော်တော်လေး အခြေအနေတည်ငြိမ်လာတဲ့ အတွက်ကြောင့် နောက်တစ်ပတ်လောက် စောင့်ကြည့်လိုက်တယ် ဆိုလို့ရှိရင် ဘယ်လောက်ထိတောင် တည်တည်ငြိမ်ငြိမ်ဖြစ်လာပြီလဲ ဆိုတာ ပိုပြီးတော့ သိနိုင်မှာဖြစ်ပါတယ်။ အစကနေ ခြုံပြီးတော့ ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ ခုပိုးတွေ့တဲ့နှုန်းက ၇ ရာခိုင်နှုန်းကျော်ကျော်ရှိတာကိုတွေ့ရပါတယ်။ သို့သော်နောက်ပိုင်းမှာ ပိုးတွေ့နှုန်း က ၅ ရာခိုင်နှုန်းကျော်လောက် ဖြစ်လာတယ်ဆိုတဲ့ အနေအထားဖြစ်ပါတယ်။ ဒီလို High Rise ဖြစ်စေနိုင်တဲ့ လူအုပ်စု ပွဲတော်တွေ လူတွေ တွေ့ဆုံစုစည်းတာတွေ မလုပ်လေလေ တစ်ယောက်ကနေ တစ်ယောက်ကို ရောဂါကူးစက်မှုနှုန်းက နည်းလေလေ ဖြစ်ပါတယ်။ တစ်ယောက်စီ၊ တစ်ယောက်စီတိုင်းက စည်းကမ်းကို လိုက်နာဖို့ အရေးကြီးပါတယ်။ ဒါလေးကို ပြောချင်ပါတယ်။”

လူစုလူဝေးနဲ့ အပန်းဖြေသူတွေ အများကြီးလာတဲ့အတွက် မဟာဗန္ဓုလ ပန်းခြံကို ဒီဇင်လာ ၇ ရက်နေ့က စပြီး ယာယီ ပိတ်လိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေအိမ်ပြင်ပမထွက်ဖို့ သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ စည်းကမ်းညွှန်ကြားချက် တွေကို လိုက်နာမှုမရှိရင် သတိပေး စစ်ဆေးမှုတွေပြုလုပ်ပြီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေအရ မြန်မာမှာ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၁၀၀,၀၀၀ ကျော်ရှိနေပြီး၊ သေဆုံးသူ ၂,၀၀၀ ကျော်ရှိနေပါတယ်။

VOA News