ကချင်စစ်ရှောင်ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာနေရပ်ပြန်ရေး လိုအပ်ချက်တွေရှိနေ

24-Nov-2020

တရုတ် မြန်မာနယ်စပ် စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းအတန်ကြာ ခိုလှုံနေကြတဲ့ ကချင်စစ်ရှောင်ဒုက္ခသည်တွေ လာမယ့်နှစ်ဆန်းပိုင်းမှာ ဘေးကင်းလုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေး လိုအပ်ချက်တွေရှိနေဆဲဖြစ်တယ်လို့ ဒုက္ခသည်စခန်း တာဝန်ခံတချို့က ဗွီအိုအေကိုပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ လျော့ပါးလာတဲ့ ကချင်ပြည်နယ်မှာ စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး စီစဉ်နေတဲ့နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံနဲ့ နယ်စပ်မှာ ခိုလှုံနေကြတဲ့ ဆဒုံးနဲ့ ဝိုင်းမော်မြို့နယ်က ကချင်စစ်ရှောင်ဒုက္ခသည်တွေ ရှေ့နှစ်ထဲ နေရပ်ပြန်ဖို့စီစဉ်နေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်း (KBC) ဥက္ကဌ ဒေါက်တာ ခလန်ဆန်ဆွမ်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“မှတ်တိုင်(၆) ပေါ့ ဆဒုံး(၆)မှာရှိတဲ့ ကျွန်တော်တို့ရွာ(၅)ရွာပေါ့။ ကန်ပိုက်တီလမ်းဖက်ကရွာ(၅)ရွာက အဲဒီမှာစစ်ရှောင် (၆၀)အိမ်ထောင်စု။ လမ်းတလျှောက်မှာတော့ ရှင်ကြိုင်ရယ် ကဇုရယ် ပေါင်းရင်တော့ အိမ်ထောင်စုကတော့(၂၅၀) (၃၀၀) ပတ်ဝန်းကျင်ရှိပါတယ်။ လူဦးရေကတော့ (၇၀၀) ပတ်ဝန်းကျင် လောက်မှာရှိမှာပါ။ အဲဒီနေရာမှာသူတို့နေလို့ မရတော့ဘူး။ တရုတ်ပြည်ဖက်ကလဲရိက္ခာသယ်လို့မရ။ ကျွန်တော်တို့ဆီဖက်ကလဲ ရိက္ခာသယ်ယူပို့ဆောင်ရေး လမ်းပမ်းဆက်သွယ်လဲခက်တယ်။ ဝိုင်းမော်မှာတော့များတယ်။ ကျွန်တော်တို့KBC Camp မှာရော RC Campမှာတွေ နောက်ပြီးမှ အဲဒီဝိုင်းမော်မြို့နယ်ဘုန်းကြီးကျောင်းမှာရှိပါတယ်။ လာမဲ့နှစ်မိုးမကုန်ခင်မှာ ကျွန်တော်တို့ရွှေ့ပြောင်းဖို့ အခုလုပ်နေပါတယ်ဆိုတာပြောချင်ပါတယ်။”

၂၀၁၁ ဇွန်လကနေစတင်ခဲ့တဲ့ ကချင်တကျော့ပြန်စစ်ပွဲကြောင့် သိန်းနဲ့ချီတဲ့ ကချင်စစ်ဘေးရှောင်တွေဟာ မြစ်ကြီးနား ဝိုင်းမော် ဆဒုံး ကန်ပိုက်တီ တရုတ်နယ်စပ်နဲ့ KIOထိန်းချုပ်နယ်မြေတွေမှာ တိမ်းရှောင်နေကြရတာပါ။ နေရပ်ပြန်မဲ့စစ်ရှောင်တွကို လုံခြုံတဲ့နေရာမှာနေရာချထားပေးမယ်လို့ ဒေါက်တာခလန်ဆမ်ဆွန်ကပြောပါတယ်။

“သူတို့အရင်သူတို့ရွာမှာဘဲ သူတို့နေခဲ့တဲ့ရွာတွေမှာဘဲ သူတို့ပြန်နေဖို့ဆိုပါတယ်။ သူတို့နေခဲ့တဲ့ ရွာတွေကတော့ အခုတော့ လုံခြုံရေးကတော့စိတ်ပူစရာမလိုပါဘူး။ သူတို့နယ်ခြားစောင့်တပ်တွေ နေတဲ့နေရာတဝိုက်ဖြစ်တာပေါ့။ ပြန်လို့ရပါတယ်။ ဒီမြစ်ကြီးနားနဲ့ ကန်ပိုင်တီလမ်းတလျှာက်က ရွာတွေ ဖြစ်ပါတယ်။”

ဒုက္ခသည်တွေကိုတော့ အနည်းဆုံး ၃ လမှ အများဆုံး ၆ လအထိ တာဝန်ယူသွားမယ်လို့လည်း ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ KHCC ကပြောပါတယ်။ ဒါပေမဲ့လည်း စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့လည်း ဝိုင်းမော်မြို့နယ်မိုင်းနား (KBC) စခန်းတာဝန်ခံ ဦးဘရမ်ဆိုင်းကပြောပါတယ်။

“ပြန်မယ်ဆိုတော့ ပထမလိုအပ်တာကတော့ကိုယ်နေထိုင်မဲ့ အဆောက်အဦတွေပေါ့။ နောက်တခုကျတော့ တချို့ကျတော့ တောင်ယာတွေ ဘာတွေလုပ်ကိုင်စားသောက်ကြတယ်ဆိုတော့ အဲတာပွင့်လင်းရာသီ မရောက်ခင်အထိတော့ စားဝတ်နေရေးအထောက်အပံ့တွေတော့ လိုအပ်မယ်လို့တော့ထင်ပါတယ်။ အဓိကကတော့ လုံခြုံရေးကိစ္စတွေ ပေါ့နော်။

လက်ရှိ ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့တို့အကြား တိုက်ပွဲရပ်တန့်နေတဲ့ အခြေအနေကြောင့် သူတို့နေရပ်ပြန်နိုင်ဖို့ စစ်ရှောင်ကော်မီတီတွေ KIOကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရအဖွဲ့တို့ ညှိနှိုင်းပြီး ရှေ့နှစ်ဆန်းမှာ ပို့ဆောင်နိုင်မယ်လို့ သူကဆိုပါတယ်။

စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ဖို့အတွက် နိုဝင်ဘာလ ၁၂ ရက်နေ့က ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဌာနနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတွေက ကျေးရွာအတွင်း ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ဆောင်နေသလို နေရပ်ပြန်မဲ့သူတွေရဲ့စာရင်းလည်း ကောက်ယူထားပါတယ်။ ဝိုင်းမော်မြို့နယ် ဒဘတ်ယာန်ကျေးရွာကိုပြန်ဖို့ စာရင်းပေးလာတာ အိမ်ထောင်စု(၂၅၀) ကျော် လူဦးရေ (၈၀၀) ကျော် ရှိတယ်လို့လည်း KHCC ရဲ့စာရင်းမှာ ဖေါ်ပြထားပါတယ်။ ဒါပေမဲ့ စစ်ဘေးရှောင်တွေလုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ဖို့အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်း လုပ်ဆောင်တာ မရှိသေးတဲ့အတွက် ဒေသခံတချို့ကလဲ ပူပင်နေကြပါတယ်။

ကချင်ပြည်နယ်မှာ၂၀၁၁ ခုနှစ်မှ စတင်ပြီး တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ တစ်ကျော့ပြန် တိုက်ပွဲများကြောင့် မြို့နယ်အသီးသီးက ပြည်သူတွေ နီးစပ်ရာ ဒေသဖက်ကို ထွက်ပြေးတိမ်းရှောင်လာပြီး စစ်ဘေးရှောင်စခန်းတွေမှာနေထိုင်နေရတာပါ။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့စာရင်းများအရ ၂၀၁၈ ခုနှစ် ဧပြီလအထိ စစ်ဘေးရှောင်စခန်းပေါင်း ၉၁ ခုရှိပြီး အိမ်ထောင်စု ၈,၀၀၀ ကျော်မှ လူဦးရေ ၄၀,၀၀၀ နီးပါးနေထိုင်ကြတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြောင့် ရှောင်တိမ်းနေရသူ ၂၄၁,၀၀၀ ရှိပြီး စက်တင်ဘာလအထိ စာရင်းတွေအရ ကချင်ပြည်နယ်မှ ၉ သောင်းခွဲကျော် ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

Crd VOA News