NCA မှာ ပါဝင်လက်မှတ်ထိုးဖို့ UWSA ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိုက်တွန်း

18-Nov-2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  "ဝ" ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA တာဝန်ရှိသူတွေနဲ့ ဒီကနေ့တွေ့ဆုံခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့ကိုရောက်နေစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ UWSA တပ်ဖွဲ့က ဒုတိယနိုင်ငံရေးမှူး ဦးညီကပ်နဲ့ တပ်ဖွဲ့ဝင်တွေကို တွေ့ဆုံခဲ့တာပါ။ အခုလို တွေ့ဆုံချိန်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ကြဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းခဲ့ကြောင်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာနေတာကြောင့် လူမှုစီးပွားဖော်ဆောင်ရေးတွေမှာ ကန့်သတ်ချက်တွေ ရှိနေကြောင်းနဲ့ ထာဝရငြိမ်းချမ်းရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ရေရှည်ကို ကြည့်ပြီး ဆောင်ရွက်စေလိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ NCA စာချုပ်ကို ဦးသိန်းစိန်အစိုးရလက်ထက် (၂၀၁၅) ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့ လက်မှတ်ရေးထိုးပြီး ချုပ်ဆိုထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၄)နှစ်ကျော်ကြာကာလအတွင်း NLD အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ နှစ်ဖွဲ့ ပါဝင်လက်မှတ် ရေးထိုးခဲ့ပါတယ်။

"ဝ" ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ အင်အားအတောင့်တင်းဆုံးဖြစ်ပြီးတော့ NCA စာချုပ်မှာ ပါဝင်လက်မှတ် ရေးထိုးထားခြင်းမရှိပါဘူး။

UWSA တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက သူ့ရဲ့ထိန်းချုပ်မြေ ပန်းဆန်းမြို့က ရောင်တိမ်းကျေးရွာမှာ ဗိုလ်လောင်းသင်တန်းကျောင်း ဖွင့်လှစ်ထားကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

UWSA တပ်ဖွဲ့ ဒုတိယနိုင်ငံရေးမှူး ဦးညီကပ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ရေးအတွက် ဆောင်ရွက်နေကြောင်းနဲ့ ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနဲ့ ကျန်းမာရေးတွေအတွက် တပ်မတော်နဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောခဲ့ကြောင်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

UWSA တာဝန်ရှိသူတွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကြား ဘာတွေဆွေးနွေးခဲ့ကြလဲဆိုတာ ပိုမိုသိရှိနိုင်ဖို့ UWSA ပြောခွင့်ရ ဦးညီရမ်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့ မရသေးပါဘူး။

Crd RFA