ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့ ဆက်သွယ်သည့် သခွပ်မြစ်တံတားသစ် တည်ဆောက်မှု ၉၅ ရာခိုင်နှုန်းပြီးစီး

26-Oct-2020

ရန်ကုန် အောက်တိုဘာ ၂၅

ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် နှင့် ကော့မှူးမြို့နယ်ချင်း ဆက်သွယ် ထားသော ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်ကုန်း လမ်းပေါ်ရှိ သခွပ်မြစ် တံတားအသစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက် ရေး အဖွဲ့-၃၊ တံတားအထူးအဖွဲ့ (၁၁) မှ တာဝန်ယူတည်ဆောက်လျက်ရှိရာ လက်ရှိ အချိန်တွင် တံတားတစ်စင်းလုံး၏ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီး ၂၀၂၁ ခုနှစ် မတ်လကုန်တွင် အချောသပ်လုပ်ငန်းများ အားလုံးဆောင်ရွက်ပြီးစီးမည်ဖြစ် ကြောင်း စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဝေအောင် ထံမှ သိရသည်။

သခွပ်မြစ်တံတားသည် ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်ကုန်း လမ်းပေါ် တွင် တည်ရှိသော လမ်းပိုင်းဖြစ်ပြီး နေ့စဉ်ယာဉ်အစီးရေ ၅၀၀ ကျော် ကူးသန်း သွားလာလျက်ရှိသည်။ ယခင်တံတားဟောင်းမှာ နှစ်ကာလ ကြာရှည်မှုနှင့် တံတားကြံ့ခိုင်မှု အားနည်းလာခြင်းကြောင့် တံတားအသစ်တည်ဆောက်ခြင်း စီမံကိန်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် စတင်၍ အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပြီးစီး မည်ဖြစ်သည်။

သခွပ်မြစ်တံတား အသစ်မှာ အရှည် ၄၉၅ ပေ၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ ၆လက်မ စုစုပေါင်း အကျယ် ၃၁ ပေရှိပြီး ရေလမ်းကင်းလွတ်အမြင့် ၂ မီတာ၊ ရေလမ်း ကင်းလွတ် အကျယ် ၂၉ ဒသမ ၂၆ မီတာ၊ တံတားအမျိုးအစားမှာ သံကူကွန်ကရစ် + သံမဏိရက်မ (အပေါ်ထည်) ဖြစ်ကာ တံတားအောက်ထည်မှာ သံကူကွန်ကရစ် အချင်း ၁ ဒသမ ၀ မီတာ ဘိုးပိုင်ဖြင့် တည်ဆောက်လျက်ရှိရာ တံတားစီမံကိန်းတန်ဖိုး စုစုပေါင်းငွေကျပ် ၂၅၀၃ သန်း ကုန်ကျမည်ဖြစ်သည်။

အဆိုပါ သခွပ်မြစ်ကူးတံတားသစ် တည်ဆောက်ပြီးစီးသွားပါက ရန်ကုန် တောင်ပိုင်းခရိုင်အတွင်းရှိ ဒလမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ အချင်းချင်းချိတ်ဆက် သွားလာ နိုင်မည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်မှုနှင့်အတူ ဒေသခံပြည်သူ များ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။

နိုင်လင်းကျော်(ဒလ)၊

ဓာတ်ပုံ-တံတားအထူးအဖွဲ့(၁၁)