ခုံသမာဓိကောင်စီ အသစ်ပြန်ဖွဲ့ရေး ဆန္ဒပြ

08-Dec-2020

အလုပ်သမားဘက်သို့ချေပခွင့်မပေးဘဲ တစ်ဖက်သတ် ဆုံးဖြတ်ချက် ချမှတ်ခဲ့တယ်ဆိုတဲ့ ခုံသမာဓိကောင်စီကို အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့ အလုပ်သမားတချို့စုပေါင်းပြီး ဒီဇင်ဘာ ၈ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သန်လျက်စွန်းရှိ ခုံသမာဓိကောင်စီရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်ပွဲကို သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(မြန်မာ) နဲ့ အထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့က ပူးပေါင်းပြီး လူအင်အား ၄ဝခန့်နဲ့ ပြုလုပ်ခဲ့တာပါ။

လက်ရှိခုံသမာဓိကောင်စီအား အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေနှင့် အညီလွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ အဖွဲ့သစ်တွေနဲ့ အသစ်ပြန်လည်ဖွဲ့စည်းရန်အတွက် တောင်းဆိုခဲ့ကြပါတယ်။

ခုံသမာဓိကောင်စီအား အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရ ဖွဲ့စည်းတည်းထောင်ထားခြင်းဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ- JPaing / MPA