ကရင်နိုင်ငံရေးပါတီတွေ ဘာကြောင့် မဲအရနည်းတာလဲ

24-Nov-2020

စောညွန့်သောင်း

■ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကရင်နိုင်ငံရေးပါတီ လေးခုက အမတ်လောင်း ၁၁၉ ယောက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် အဲဒီထဲက တစ်ယောက်ပဲ ပြည်နယ်လွှတ်တော်တစ်နေရာအတွက် ရွေးကောက်ခံခဲ့ရပါတယ်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ အခြေစိုက်ကြတဲ့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP၊ ကရင်အမျိုးသားပါတီ KNP၊ ကရင်ပြည်သူ့ပါတီ KPP၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ PSDP စတဲ့ ကရင်နိုင်ငံရေးပါတီ လေးခုက လွှတ်တော်အရပ်ရပ်အတွက် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၁၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။

အဲဒီထဲမှာ ကရင်ပြည်နယ်လွှတ်တော် သံတောင်ကြီးမဲဆန္ဒနယ် အမှတ် ၁ ကနေ KPP ကရင်ပြည်သူ့ပါတီက စောခရစ်စတိုဖာ ရွေးကောက်ခံခဲ့ရပါတယ်။

ကရင်တိုင်းရင်းသား မဲဆန္ဒရှင်အများစုဟာ အာဏာရှင်အုပ်ချုပ်မှုအောက် ပြန်ရောက်မှာကို စိုးရိမ်ကြပြီး အစိုးရဖွဲ့နိုင်တဲ့ ပါတီကိုပဲ ရွေးချယ်ခဲ့ကြပုံရတယ်လို့ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက သုံးသပ်ပါတယ်။

“အဓိကပြောရရင်တော့ သူတို့တွေဟာ ကျနော်တို့ပါတီတွေကို ယုံကြည်မှု အားနည်းသေးတာ တစ်ချက်၊ ကရင်ပါတီအနိုင်ရရင်လည်း အစိုးရမဖွဲ့နိုင်ဘူး၊ စစ်ဖိနပ်အောက်မှာ ရောက်သွားမယ် ဆိုတဲ့ အတွေးအခေါ်က တော်တော်များများ ဝင်သွားတယ်၊ နောက်တစ်ချက်ကတော့ NLD နဲ့ ထီးရိပ်အောက်မှာ ရှိနေပြီးသား အာဏာပိုင်တွေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက NLD ကို ဇောင်းပေးအားပေးဖို့အတွက် လုပ်ဆောင်နေ တဲ့အတွက် ကျနော်တို့ ရှုံးနိမ့်ရတဲ့အချက်တွေလည်းပါတယ်”

၂၀၁၅ ရွေးကောက်ပွဲမှာတုန်းကဆိုရင် ကိုယ်စားလှယ်လောင်း အရေအတွက်က ဒီထက် သုံးဆနီးပါး ရှိခဲ့ပါတယ်။

တစ်နိုင်ငံလုံးအနေနဲ့ ကရင်နိုင်ငံရေးပါတီ ၆ ပါတီက ကိုယ်စားလှယ်လောင်း ၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြတာပါ။

အဲဒီတုန်းကလည်း သံတောင်ကြီးမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်နေရာမှာ KPP ပါတီ ကိုယ်စားလှယ် စောဂျေအေဝင်းမြင့်က နေရာရရှိခဲ့ပါတယ်။

ကရင်ပါတီတွေ ရွေးကောက်ပွဲ ၂ ကြိမ်တိုင်တိုင် အကြီးအကျယ် ရှုံးနိမ့်ရတဲ့အကြောင်းရင်းတွေထဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကရင်ပါတီတစ်ခုတည်းဖြစ်အောင် မဖွဲ့စည်းနိုင်သေးတာလည်း ပါဝင်တယ်လို့ PSDP ဥက္ကဌ စောခင်မောင်မြင့်က ကောက်ချက်ချပါတယ်။

“တကယ့်လို့ တစ်ခုတည်းသော ကရင်ပါတီကြီး ဖြစ်လာမယ်ဆိုရင် ပိုပြီးတော့လည်း အင်အားကောင်းလာမယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ညှိနှိုင်းလုပ်ဆောင်ရာမှာလည်း လွယ်ကူလာမယ်၊ မဲဆန္ဒနယ်တစ်နယ် ထဲမှာပဲ ကရင်ပါတီ နှစ်ခု ဝင်ရောက်ယှဉ်ပြိုင်မယ့် အခြေအနေလည်း မဖြစ်တော့ဘူး။ ကရင်တိုင်းရင်းသား တစ်သီးပုဂ္ဂလတွေလည်း ဝင်ရောက်ယှဉ်ပြိုင်ကြတော့မှာ မဟုတ်ဘူး ဆိုရင်တော့ ဒီထက်အားသာချက်တွေ ရှိလာမယ်လို့ မျှော်လင့်တယ်”

ကရင်နိုင်ငံပါတီတွေရဲ့ အားနည်းချက်တွေထဲမှာ ဘဏ္ဍာငွေကြေး အခက်အခဲကလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်နေ တယ်လို့ ပြောကြပါတယ်။

KPP ကနေ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မန်းသန်းဝင်းဦးက ကရင်လူထုဟာ ရှိရင်းစွဲ နိုင်ငံရေးပါတီကြီးတွေအပေါ်မှာသာ သစ္စာရှိကြပြီး၊ ကရင်သမိုင်းအမှန် ကို သိနားလည်မှု အားနည်းတာကလည်း ကရင်နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲ ရှုံးနိမ့်ရတဲ့ အကြောင်းရင်းထဲမှာ ပါတယ်လို့ ဆိုပါတယ်။

“ကရင်ခေါင်းဆောင်တွေရှိလာဖို့ ကရင်ပါတီတွေ တည်ဆောက်တဲ့အခါမှာ ကိုယ့်ကရင်လူထုတွေရဲ့ သစ္စာ ရှိမှုတို့ မျိုးချစ်စိတ် ပါးလွှာလာတာတို့ နောက်ပြီး ဉာဏ်ပညာနဲ့ ပတ်သက်ပြီးတော့ စဉ်းစားချင့်ချိန် တွေးခေါ် မှုတွေ အရမ်းအားနည်းတဲ့အခါကျတော့ ကိုယ့်သမိုင်းကို နားမလည်တဲ့အခါ၊ ကျနော်ရောက်တဲ့နေရာတိုင်းမှာ မန်းဘခိုင်တောင် မသိကြဘူး၊ ကရင်နှစ်သစ်ကူးအကြောင်း ရှင်းရှင်းလင်းလင်း မသိကြတဲ့သူတွေလည်း အများကြီးပါ”

ကရင်နိုင်ငံရေးလေ့လာသူတွေကတော့ ကရင်ပါတီတွေ ဖွဲ့စည်းပုံ အားနည်းပြီး တစ်ပါတီတည်းသာ ရပ်တည်နိုင်ဖို့ တိုက်တွန်းကြပါတယ်။

ကရင့်အရေးလေ့လာသူ ဘားအံမြို့က နန်းမြသီတာက လာမယ့် ၂၀၂၅ ရွေးကောက်ပွဲမတိုင်မီ ကရင်ပါတီတွေ အားလုံး ပေါင်းစည်းရေးနဲ့ အများလက်ခံနိုင်တဲ့ မူဝါဒတွေ ချမှတ်ပြင်ဆင်သင့်တယ်လို့ တိုက်တွန်းပါတယ်။

“အဓိကတော့ ဖွဲ့စည်းပုံကို အားကောင်းအောင်လုပ်ရမယ်၊ ပြည်သူတွေ အများ လက်ခံနိုင်တဲ့မူဝါဒတွေကို သူတို့ပြန်လည်ချမှတ်သင့်တယ်။ ပြီးတော့ ပေါင်းစည်းရေးပေါ့။ အခုဆိုရင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီက တစ်ခုတည်သောကရင်ပါတီဖြစ်ပေါ်ရေးကို ကြေညာချက်ထုတ်ထားတယ်။ အဲဒီလို ကရင်ပါတီတစ်ခုတည်ဖြစ် ဖို့ ထုတ်ပြန်တာတော့ ဟုတ်ပြီ၊ ကျမဆိုလိုတာက ကရင်တွေ အများလက်ခံနိုင်တဲ့ နိုင်ငံရေးပါတီဖြစ်သင့်တယ်။ ဖြစ်နိုင်ရင် ပါတီတွေဖျက်၊ ဖွဲ့စည်းပုံတွေ အားလုံး ဖျက်ပြီးတော့မှ ဖွဲ့စည်းပုံအသစ်နဲ့ ပြန်လည်ရွေးကောက်ပြီး ရေးဆွဲတဲ့ အခြေခံမူဝါဒတွေနဲ့ သွားသင့်တယ်”

၂၀၂၀ ရွေးကောက်ပွဲအလွန် ပြည်ထောင်စုလွှတ်တော်မှာ ကရင်ပါတီတွေကနေ ကိုယ်စားလှယ် ရွေးချယ်မခံရတဲ့ အတွက် ကရင်ပြည်သူတွေရဲ့အသံတွေ လာမယ့် ငါးနှစ်အတွင်း ဆိတ်သုဉ်းသွားမလားလို့ မေးခွန်းထုတ်စရာ ဖြစ်ပေမယ့် ကရင်ပြည်နယ်အခြေစိုက် နိုင်ငံရေးလေ့လာသူတွေကတော့ ဒီအပေါ်မှာ မစိုးရိမ်ကြပါဘူး။

“လာမယ့် ၂၀၂၀ အလွန် ကရင်ပြည်သူတွေရဲ့ အသံတွေဟာ လွှတ်တော်တွေမှာ မဆိတ်သုန်းနိုင်ပါဘူး။ NLD ပါတီတို့၊ NLD မဟုတ်တဲ့ပါတီတို့ လွှတ်တော်ထဲမှာ သွားတဲ့အခါ လူမျိုးအစုံ ပါဝင်ပါတယ်။ တိုင်းရင်းသား အားလုံး ပါဝင်သွားတဲ့အတွက် ဒေသခံတိုင်းရင်းသားတွေရဲ့ အသံ လွှတ်တော်ကိုယ်စားလှယ်ကတဆင့် ရောက်အောင် ပို့နိုင်ပါတယ်”

ဘားအံမြို့က နိုင်ငံရေးလေ့လာသူ ဒေါက်တာဦးမြင့်စိုး သုံးသပ်သွားတာပါ။

ကရင့်ရေးရာကော်မတီအဖွဲ့က စောကျော်စွာကတော့ ကရင်လူထုတွေ နိုင်ငံရေးမှာ အရင်ထက် ပိုမိုနိုးကြားလာဖို့ တိုက်တွန်းပါတယ်။

“ကရင်တွေက လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေ မရှိတော့တဲ့အခါကျတော့ ကရင်ပြည်သူတွေက ပိုပြီးတော့ နိုင်ငံရေးဘက်မှာ ပိုမိုနိုးကြားလာမယ်။ နိုင်ငံရေးဘက် ပိုမိုနိုးကြားလာတဲ့အတွက် လွှတ်တော်ထဲမှာရှိနေကြတဲ့ လူတွေက လက်ရှိမှာပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်တယ်။ တစ်ပါတီစနစ်မဟုတ်တဲ့အတွက်ကြောင့် သူတို့တွေ လည်း ပြည်သူတွေရဲ့အသံကိုပဲ နားထောင်လာမယ်။ ကရင်ပြည်သူတွေရဲ့အသံ ကိုယ့်ရဲ့အသံတွေကိုတော့ ကျနော်ထင်တာကတော့ နိုင်ငံရေးနိုးကြားတော့ လွှတ်တော်ထဲမှာရှိနေတဲ့သူတွေက လျစ်လျူရှုလို့မရ တော့ဘူး။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါဝင်ခြင်းမရှိခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာတော့ တစ်နိုင်ငံလုံးက ကရင်နိုင်ငံပါတီတွေက ကိုယ်စားလှယ် စုစုပေါင်း ၁၆ ဦး အနိုင်ရရှိခဲ့ပါတယ်။ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီက ကိုးဦး၊ ကရင်ပြည်သူ့ပါတီက ခြောက်ဦး၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီက တစ်ဦး ဖြစ်ပါတယ်။

NLD ပါဝင်တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တစ်နိုင်ငံလုံးအနေနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီသာ နေရာရရှိခဲ့တာပါ။

ကရင်နိုင်ငံရေးပါတီတွေဟာ မိမိတို့ရဲ့ အားနည်းချက်တွေကို သင်ခန်းစာယူပြီး နောင်လာမယ့်ကာလမှာ တစ်ခု တည်းသော ကရင်နိုင်ငံပါတီဖြစ်ပေါ်လာရေး၊ မဲဆန္ဒနယ်မြေအလိုက် ကိုယ်စားလှယ်တွေကို မှန်မှန်ကန်ကန် ရွေးချက်နိုင်ရေး၊ ကရင်လူထုတရပ်လုံးထောက်ခံနိုင်ဖို့ စည်းရုံးနိုင်ရေးစတဲ့အချက်တွေ ပြန်လည်ပြုပြင်ပြောင်းလဲ ရမယ်လို့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စောခင်မောင်မြင့်က အကြံပြုပါတယ်။ အစိုးရရဲ့ ၂၀၁၉ ခုနှစ် စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ ကရင်လူမျိုးဦးရေ စုစုပေါင်း ၂၅ သိန်းကျော် ရှိပါတယ်။

ကရင်နိုင်ငံရေးပါတီတွေက ဧရာဝတီတိုင်းဒေသကြီး အခြေစိုက် ကရင်အမျိုးသားပါတီ KNP၊ ရန်ကုန်တိုင်း အခြေစိုက် ကရင်ပြည်သူ့ပါတီ KPP ၊ ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP နဲ့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြပါတယ်။

ကရင်နိုင်ငံရေးပါတီတွေက တစ်နိုင်ငံလုံးမှာ ကရင်လူမျိုးအများစုနေထိုင်တဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ နေပြည်တော်၊ ပဲခူး၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေ စတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲဝင်ခဲ့ကြတာပါ။

RFA