ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ရွေးကောက်ပွဲမသမာပြုကျင့်တယ်ဆိုပြီး NLD ဘက်က ကန့်ကွက်

25-Dec-2020

တပ်မတော်သား မဲဆန္ဒရှင်အများအပြားရှိတဲ့ ဇေယျာသီရိမြို့နယ်က အနိုင်ရရှိခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို ရွေးကောက်ပွဲမသမာ ပြုကျင့်တယ် ဆိုပြီး NLD ပါတီကိုယ်စားလှယ်လောင်းက ဒီကနေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်လိုက်ပါတယ်။

ဦးသန်းဌေး အနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ဘာသာရေး၊ လူမျိုးရေးတွေကို ထည့်သွင်း ပြောဆိုခဲ့တာ ရှိလို့ ကန့်ကွက်လွှာတင်ရတာဖြစ်တယ်လို့ ဒေါက်တာမိုးဆွေရဲ့ ကိုယ်စားလှယ် ကိုသက်ထွေးက ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာတော့ NLD ပါတီကိုယ်စားလှယ်လောင်း ဒေါက်တာ မိုးဆွေကို မဲ ၅ ထောင်ကျော်အသာ နဲ့အနိုင်ရရှိထားတာပါ။

NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေက ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်တာ ဖြစ်ပါတယ်။

ကန့်ကွက်လွှာတင်ရတာနဲ့ ပတ်သက်လို့ ဒေါက်တာမိုးဆွေဘက်က လိုက်ပါဆောင်ရွက်မယ့် တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်က အခုလိုပြောပါတယ်။

"သက်သေအထောက်အထား ခိုင်လုံမှု အများကြီး ရှိပါတယ်။ အသေးစိတ်ကို ကန့်ကွက်လွှာမှာ ပူးတွဲပြီးတင်ပြထားတယ်။ ဒီအမှုကို ကျွန်မအနေနဲ့ အကောင်းဆုံး ကြိုးစားသွားပါမယ်" လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်မှုတွေနဲ့ ပတ်သက်လို့ အနိုင်ရကိုယ်စားလှယ် ၅ ဦးကို NLD ပါတီအနေနဲ့ ကန့်ကွက်လွှာတင်သွားဖို့ရှိတယ်လို့ ပါတီခေါင်းဆောင်တွေက မကြာသေးခင်ရက်ပိုင်းက ပြောဆိုထားပါတယ်။

ဒေါက်တာမိုးဆွေရဲ့ ကန့်ကွက်တဲ့ အထောက်အထားတွေဟာ ခိုင်လုံတယ်လို့ တရားရုံးက ဆုံးဖြတ်ရင်တော့ ဦးသန်းဌေးဟာ ကိုယ်စားလှယ်လောင်းအဖြစ်က ပြန်လည်ရုပ်သိမ်းခံရမှာဖြစ်ပြီး ဒုတိယ မဲအများဆုံးရတဲ့ ဒေါက်တာမိုးဆွေက ကိုယ်စားလှယ်ဖြစ်လာမှာပါ။

ကြံခိုင်ရေးပါတီအနေနဲ့လည်း အနိုင်ရ NLD ပါတီကိုယ်စားလှယ်လောင်းတွေနဲ့တခြားသောပါတီက ကိုယ်စားလှယ်လောင်းတွေကို ကန့်ကွက်ဖို့အတွက်မနေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ကန့်ကွက်လွှာလာတင်ခဲ့ပါတယ်။

ကြံခိုင်ရေးပါတီအနေနဲ့ အနိုင်ရကိုယ်စားလှယ် ၅၀ ကျော်ကို ကန့်ကွက်ဖို့ပြင်ဆင်ထားတာရှိတယ်လို့ ပါတီ တာဝန်ရှိသူတွေက မကြာသေးခင်က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲကာလမှာ ဥပဒေမဲ့ပြုလုပ်တာတွေနဲ့ ပတ်သက်လို့ အထောက်အထားရှိရင် ရွေးကောက်ပွဲ ကော်မရှင်ထံကို ကန့်ကွက်လွှာတင် ကန့်ကွက်ရပြီး ရွေးကောက်ပွဲကော်မရှင်က တရားရုံးဖွဲ့ပြီးစစ်ဆေးတာပါ။

ဒီလိုစစ်ဆေးတဲ့ကာလဟာ လေးလကနေ ခြောက်လလောက်ကြာတတ်ပြီး ကန့်ကွက်လွှာတွေကို အခုရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တွေနဲ့ ကျင်းပမဲ့ ဖေဖော်ဝါရီလဆန်းမှာ ခေါ်ယူတဲ့ တတိယ အကြိမ်ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးမယ့်။ ရွေးကောက်ပွဲကော်မရှင်က ဒီအမှုတွေကို ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။

BBC Burmese