ခိုးဝင်...စုပ်ခွက်ငါးများ

10-Jan-2021

ယခုရက်ပိုင်းအတွင်း စုပ်ခွက်ငါး (Sucker mouth Catfish) နှင့်ပတ်သက်သည့်သတင်းများကို လူမှုကွန်ရက် စာမျက်နှာထက်၌ လူအများစိတ်ဝင်စားလျက်ရှိပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စုပ်ခွက်ငါးကောင်ရေ ၂၀၀၀ ခန့်ကို ဧရာဝတီမြစ်အတွင်း လွှတ်ပေးလိုက်သည့် သတင်းနှင့်စပ်လျဉ်း၍ ယင်းစုပ်ခွက်ငါးများသည် သဘာဝ ပတ်ဝန်းကျင်နှင့် ရေသတ္တဝါများ၏ ဂေဟစနစ်ကိုပါ အန္တရာယ်ဖြစ်စေသည့် ငါးမျိုးစိတ်များဖြစ်ရာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် စိုးရိမ်ပူပန် စရာ လုပ်ရပ်အဖြစ် လူပြောများနေခြင်းဖြစ်မည်ဟု သုံးသပ်မိပါသည်။

သဘာဝမြစ်၊ ချောင်း ကန်များအတွင်း စုပ်ခွက်ငါး များကို စွန့်ပစ်ပါက ငါးမွေးမြူခြင်းနှင့် ငါးလုပ်ငန်းဆိုင်ရာ လုပ်ငန်းရပ်များကို ထိခိုက်စေသည့်အတွက် "စုပ်ခွက်ငါး အန္တရာယ် ကြိုတင်ကာကွယ်” ဟူသော ခေါင်းစဉ်ဖြင့် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးအသင်းတို့မှ ပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်း စုပ်ခွက်ငါးနှင့် ပတ်သက်သည့် ပိုစတာ၊ ဗီနိုင်းများ ရိုက်နှိပ်ဖြန့်ဝေခြင်းများကို ၂၀၁၇ ခုနှစ်အတွင်းဆောင်ရွက်ထားရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

ရေနေသတ္တဝါ အစာကွင်းဆက် အတွက် အန္တရာယ်

ယင်းစုပ်ခွက်ငါးမျိုးများ၏ မူရင်းဒေသမှာ တောင်အမေရိကတိုက်၊ ဘရာဇီး ပီရူးနှင့် အမေဇုန် မြစ်တို့ဖြစ်ပြီး မျိုးစိတ်ပေါင်း ၁၀၀ ခန့်ရှိကြောင်း သိရသည်။ စုပ်ခွက်ငါးများသည် အစုံစားငါးမျိုး (Omnivore) များ ဖြစ်ပြီး ရေပေါက်ပင်များ၊ ရေသတ္တဝါများ၏ ဥများ၊ သားလောင်းများနှင့် ကျောရိုးရှိ၊ ကျောရိုးမဲ့ ရေသတ္တဝါငယ် များကို စားသုံးသည်ဖြစ်ရာ ဒေသခံရေနေသတ္တဝါများ၏ အစာကွင်းဆက် (Food chain) အတွက် ကြီးမားသော အန္တရာယ်ဖြစ်သည်ဟု ဆိုရပါမည်။

ထို့ပြင် စုပ်ခွက်ငါးများသည်သဘာဝမြစ်ချောင်းများ၌ ကျင်းခတ်ဥချသားပေါက်ပြီး သားလောင်းများကို ထိန်းကျောင်းသည့်ဓလေ့ (Parental care) ရှိ၍ ရှင်သန် နှုန်းကောင်းခြင်း အရွယ်ရောက်စဉ်တွင်လည်း ခန္ဓာကိုယ် ရှိ သံချပ်ကာကဲ့သို့ မာကျောသောအရိုးပြားများနှင့် ဆူးချွန်များကြောင့် အခြားသားစားငါးများ ရန်မှ ကင်းလွတ်သည့်အတွက် အချိန်တိုအတွင်း ကောင်ရေ အများအပြား တိုးပွားလာခြင်း ဖြစ်ပါသည်။

စုပ်ခွက်ငါးမျိုးများကို အလှမွေးငါးရောင်းဝယ် ဖောက်ကားသူများက တရားမဝင်လမ်းကြောင်းများမှ သယ်ဆောင်လာရာက နိုင်ငံအတွင်းရောက်ရှိလာခြင်း ဖြစ်ပါသည်။ အလှမွေးငါးကန်အတွင်း ကန်အောက်ခြေပိုင်း အနယ်အနှစ်များကို စားသုံးခြင်းဖြင့် ရှင်းလင်းရန် သန့်ရှင်းရေးငါးအဖြစ် လည်းကောင်း၊ မျိုးစိတ်အသစ်အနေဖြင့် လည်းကောင်း သယ်ဆောင်လာကြခြင်းဖြစ်ပါ၏။ အလှမွေးငါး မွေးမြူသူများက မိမိတို့ မမွေးမြူလိုတော့သည့်အချိန်၌ မြစ်ချောင်းများအတွင်းသော်လည်းကောင်း၊ ဘေးမဲ့ကန်များအတွင်းသို့သော်လည်းကောင်း စွန့်ပစ်ရာမှ သဘာဝရေပြင်များ၌ ပေါများစွာ တွေ့မြင် လာရခြင်း ဖြစ်ပါသည်။

ယင်းစုပ်ခွက်ငါးများသည် မွေးမြူရေးကန်များအတွင်း နည်းလမ်းတစ်မျိုးမျိုးဖြင့် ရောက်ရှိသွားကြရာမှ ကန်ပေါင်များ၌ ကျင်းခတ်ဥချသည့် ဓလေ့ကြောင့် ငါးမွေးကန်ကန်ပေါင်များ ပျက်စီးခြင်း၊ ကျွေးသောအစာကို မွေးမြူရေးငါးများနှင့် လုယက်ယှဉ်ပြိုင်စားသောက်ခြင်း၊ ကန်အတွင်း ထုထည် ကြီးမားစွာ တိုးပွားလာမှုကြောင့် ကန်ရေအရည်အသွေးကျဆင်းကာ ငါးကုန်ထုတ်လုပ်မှုကို လျော့ပါးစေခြင်း စသည့် ဆိုးကျိုးများကြောင့် ငါးမွေးတောင်သူများအတွက် အန္တရာယ်ကြီးမားသည်ဟု ဆိုရပါမည်။

ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်တွင်းငါးစားသုံးမှု ဖူလုံရန်နှင့် ငါးထုတ်လုပ်မှုတိုးမြှင့်နိုင်ရေးအတွက် နိုင်ငံ၏ ရေမြေသဘာဝနှင့်ကိုက်ညီသည့် ငါးမျိုးစိတ် အမယ်သစ်များကို အစိုးရချင်းဖလှယ်သည့်စနစ် (G to G) ဖြင့် တီလားပီးယား ငါးမျိုးစိတ်များ၊ ငါးကြင်းမျိုး စိတ်များ၊ ငါးတန်မျိုးစိတ်များနှင့် ရေချိုငါးမုတ်၊ ငါးခုံးမကြီး စသည့်အမယ်သစ် ငါးမျိုးများကို တင်သွင်း၍ စမ်းသပ်သားဖောက်ကာ ငါးမွေးတောင်သူများထံ နည်းပညာများ ဖြန့်ဖြူးပေးလျက်ရှိပါသည်။

အပင်နှင့်သတ္တဝါမျိုးစိတ်သစ်များအား ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းရာ၌၎င်းတို့၏ သဘာဝနှင့် အလေ့ အထသည် ဒေသခံသဘာဝပတ်ဝန်းကျင်အနေအထားနှင့် အံဝင်ခွင်ကျမှု ရှိ/မရှိ ဆိုသည့်အချက်ကား များစွာအရေးပါသည်။ မိမိတို့ တင်သွင်းလာသည့် မျိုးစိတ်သစ်တစ်ခုသည် သတွင်းဂေဟစနစ်ကို ပြောင်းလဲသွားစေခြင်းနှင့် ဒေသခံမျိုးစိတ်များအပေါ် လွှမ်းမိုးသွားနိုင်ခြင်း ရှိ/မရှိ စသည့်အချက်များအပေါ် အလေးထားသုံးသပ်စိစစ် ရပါသည်။ ယင်းအချက်များသည် သက်ဆိုင်ရာဌာန၏ ပညာရပ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်၍ ဌာန၏ သတ်မှတ်စည်းကမ်း ဥပဒေအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ခွင့်ပြုချက်မရှိ ရောက်ရှိလာသည့် ခိုးဝင်ငါးမျိုးစိတ်

ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမွေးမြူခြင်းဆိုင်ရာဥပဒေ အခန်း (၄) ၌ ငါးမျိုးစိတ်များ တင်သွင်းခြင်း/ တင်ပို့ခြင်း တို့တွင် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ စိစစ်ခွင့်ပြုမိန့်ဖြင့်သာ ဆောင်ရွက်ရန်ပါရှိပြီး အခန်း (၈)၌ ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက်မရဘဲ ငါးမျိုးစိတ်များကို ပြည်ပမှ တင်သွင်းခြင်း ပြည်တွင်းမှ တင်ပို့ခြင်း မပြုရန် တားမြစ်ထားပါသည်။ သို့ဖြစ်လေရာ အဆိုပါ စုပ်ခွက် ငါးမျိုးများသည် ငါးလုပ်ငန်းဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တရားမဝင်လမ်းကြောင်းမှ ရောက်ရှိလာသည့် ခိုးဝင် ငါးမျိုးစိတ်ဖြစ်သည်ဟု ဆိုရပါမည်။

ယခုအခါတွင် မြန်မာ့ရေမြေ၌ တရားမဝင် လမ်းကြောင်းမှ တင်သွင်းလာသည့် သားစားကြူးသော ပီးကော့ငါး (Peacock bass) နှင့် ငါးရံ့ဘီလူး (Giant Snakehead) စသည့် သားစားငါးမျိုးများကိုလည်း သဘာဝရေပြင်များ၌ တွေ့ရှိနေရပြီဖြစ်ရာ ဒေသခံငါးမျိုး စိတ်များအတွက် များစွာအန္တရာယ် ကြီးမားလှပါသည်။ သို့ဖြစ်ရာ မိမိအကျိုးစီးပွား ဆောက်ရွက်ရာ၌ လတ်တလောအဆင်ပြေစေရေး တစ်ခုတည်းကိုသာ မတွက်ဆဘဲ မိမိတို့ မှီတင်းနေထိုင်သည့် နိုင်ငံ၏ရေမြေ သဘာဝနှင့် ယဉ်ကျေးမှု အမွေအနှစ်များ တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရမည့် နိုင်ငံသားတိုင်း၏ကျင့်ဝတ်ကို အလေးမူသင့်လှ ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။

စံလွင် (ငါးဦးစီး)