ထိုင်းအာဏာပိုင်တွေ မြန်မာနယ်စပ်တင်းကြပ်မှုတိုးမြင့်

07-Dec-2020

မြန်မာနိုင်ငံကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူတွေထဲမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်သူတွေ တွေ့ရှိနေတာကြောင့် ပြစ်ဒဏ်နဲ့ လုံခြုံရေး တင်းကြပ်ထားချိန်မှာပဲ ထိုင်းနိုင်ငံထဲ နောက်ထပ် ဝင်လာသူတွေကို အာဏာပိုင်တွေ ဖမ်းဆီးနေတဲ့အကြောင်း ပြောပြပါမယ်။

နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်လာသူတချို့မှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ တွေ့ရှိခဲ့ရတာကြောင့် ငွေဒဏ်၊ ထောင်ဒဏ်၊ ပြစ်ဒဏ်တွေ သတ်မှတ်လိုက်သလို နယ်စပ်ဒေသမှာ လုံခြုံရေးထပ်မံ တင်းကြပ်ထားချိန်မှာပဲ နောက်ထပ် ဝင်လာသူတွေ ရှိနေတာကြောင့် အာဏာပိုင်တွေ ဖမ်းဆီးနေတာပါ။

မြန်မာနိုင်ငံ မြဝတီမြို့နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံ တခ်ခရိုင် မဲဆောက်မြို့မှာလည်း မြန်မာနိုင်ငံနယ်စပ်ကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာတယ်လို့ မသင်္ကာသူ ၇ ဦးကို ဒီနေ့အစောပိုင်းမှာပဲ ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးလိုက်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားရေး လှုပ်ရှားမှုအဖွဲ့ မဲဆောက်ရုံးတာဝန်ခံ ဦးမိုးကျော်က ပြောပါတယ်။

“ဒီနေ့ မနက် တရားမဝင်လမ်းကြောင်းကနေ မြန်မာနိုင်ငံဘက်က လာတယ်ဆိုပြီး တာဝန်ရှိတဲ့ စစ်တပ်ကိုယ်တိုင်ဈေးထဲကနေရာတွေကို ဝင်ရှာပြီး စစ်ဆေးမေးမြန်းတယ်ပြီးတော့ လူ ၇ ယောက်ကို ဖမ်းဆီးသွားတာရှိတယ်။”

ပြီးခဲ့တဲ့ စနေနေ့ညပိုင်းမှာလည်း ၂ နိုင်ငံကြားက သောင်ရင်းမြစ်ကို လှေနဲ့ကူးပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်၊ မယ်လမ ကမ်းနားကို ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသား ၄ ဦးနဲ့ မြန်မာ နိုင်ငံသား ၂ ဦးကို နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ပါတယ်။

မြန်မာနိုင်ငံက ပြန်လာတဲ့ ထိုင်းနိုင်ငံသားတဦး ကိုဗစ်ရောဂါကူးစက်ပြီး ဆေးရုံတက်နေရတယ်ဆိုတဲ့ သတင်းနဲ့အတူ ထိုင်းနယ်စပ်က ကျောင်းတွေ၊ ဈေးတွေကိုလည်း ပိတ်ထားရကြောင်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ဒေသခံသတင်းတွေမှာ ဖော်ပြပါတယ်။

ရှမ်းပြည်နယ် တာချီလိတ်မြို့က လောင်းကစားရုံ လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေ အပါအဝင် နေရပ်ပြန်လာကြတဲ့ ထိုင်းနိုင်ငံသား ၂၀ လောက် ကိုဗစ်ရောဂါကူးစက်နေတာ တွေ့ရှိခဲ့ရပြီးနောက် ထိုင်းနိုင်ငံက လုံခြုံရေးတွေကို ထပ်မံတင်းကြပ်လိုက်သလို၊ တရားမဝင် ဝင်လာသူတွေကို ပြစ်ဒဏ်တွေလည်း သတ်မှတ်လိုက်ပါတယ်။ ကပ်ရောဂါကာလမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာသူတွေနဲ့ လက်ခံထားသူတွေကို ထောင်ဒဏ်၊ ငွေဒဏ် အပြစ်ပေးဖို့ စနေနေ့မှာပဲ အမိန့်ထုတ်ပြန်လိုက်တဲ့အကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က ဦးမိုးကျော်က အခုလိုပြောပြပါတယ်။

“ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေ ခေါ်သွင်းလာမယ်၊ ခေါ်ယူတယ်လို့ စစ်ဆေးတွေ့ရှရင် ထောင်ဒဏ် ၁၀ နှစ် ငွေဒဏ်က ဘတ်ငွေ ၁၀၀,၀၀၀ ချမယ်၊ ၂ ခုလုံးကော ငွေ ဒဏ်ရော ဖြစ်နိုင်မယ်၊ အမိန့်ချမယ်။ တရားမဝင်လမ်းကြောင်းကနေ ဝင်လာတဲ့နိုင်ငံခြားသားတွေဆိုရင်တော့ ထောင်ဒဏ် ၅ နှစ်၊ ဘတ်ငွေ ဒဏ် ၅၀,၀၀၀ ဒဏ် ၂ ရပ်လုံးကိုဖြစ်စေ ကျခံရမှာဖြစ်တယ်။ နောက်တခုက နိုင်ငံခြားသားတွေကို လက်ခံထားတဲ့သူတွေဆိုရင်တော့ ထောင်ဒဏ် ၅ နှစ်၊ ဒဏ်ငွေ ၅၀,၀၀၀ ချမယ်။”

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၄,၁၀၀ ကျော် ရှိတဲ့ ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်မှုတွေ လျော့ပါးနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၁၁၀ ကျော်နဲ့ ကူးစက်သူ ၁၀၀,၀၀၀ နီးပါး ရှိနေတာကြောင့် ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ်ဒေသ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။

VOA News