ရတနာနတ်မယ် သက်တော် ၈၉ နှစ်မှာ ကံကုန်

03-Dec-2020

အိမ်ရှေ့စံကနောင်မင်းရဲ့ မြစ်တော်၊ လင်းပင်မင်းသားကြီးရဲ့ မြေးတော် ရတနာနတ်မယ် (ခ) ဂျွန်ရို့စ်ဘယ်လာမီဟာ အီတလီနိုင်ငံမှာ ဒီဇင်ဘာ ၁ ရက်နေ့က ကံတော်ကုန်ခဲ့ကြောင်း  လင်းပင်မင်းသားကြီး ရဲ့ တီတော်စပ်သူ လင်းပင်တင်မောင်အေးက ဘီဘီစီကို အတည်ပြုပါတယ်။ 

"နှလုံးရောဂါနဲ့ ကွယ်လွန်တာပါ။ မိတ်ဆွေတစ်ဦးနဲ့ စကားပြောနေရင်း နှလုံးအောင့်သွားပြီး လဲကျသွားတာ။ တစ်ခါတည်း အသက်ပါသွားတာပါ။ ကိုဗစ်ကြောင့်မဟုတ်ပါဘူး။ ဈာပန အစီအစဉ်ကတော့ ကျွန်တော်တို့ သိရရင် ပြောပါမယ်" လို့  လင်းပင်တင်မောင်အေးက ပြောပါတယ်။

ရတနာနတ်မယ်ကို  လင်းပင်မင်းသားကြီးနဲ့ ရေနံ့သာခင်ခင်ကြီးတို့ရဲ့ သမီး  လင်းပင်ထိပ်တင်မလတ်နဲ့  မစ္စတာဘယ်လာမီတို့က ၁၉၃၂ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ လင်းပင်မင်းသားကြီးဟာ အိမ်ရှေ့စံကနောင်မင်းရဲ့ သားတော်တစ်ပါးလည်းဖြစ်ပါတယ်။

ရတနာနတ်မယ်ဟာ  စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ လက်ထပ်ခဲ့ဖူးပြီးနောက် အိမ်ထောင်သက် မကြာခင်မှာပဲ ပြတ်စဲခဲ့ကြတာဖြစ်ပါတယ်။

မင်းသမီးဟာ  အီတလီ ဆရာဝန်တစ်ဦးနဲ့ လက်ထပ်ခဲ့ပြီး သားနှစ်ဦးထွန်းကားခဲ့ကြောင်း ဘီဘီစီက ရရှိတဲ့ ရတနာနတ်မယ်ရဲ့ ဆွေမျိုးစုဇယားမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။

အီတလီမှာတော့ တစ်ဦးတည်း နေထိုင်နေတာဖြစ်ပြီး ဈာပနအစီအစဉ်နဲ့ပတ် သက်လို့တော့ လောလောဆယ် အသေးစိတ်မသိရသေးကြောင်း လင်းပင်တင်မောင်အေးက ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ- Between two worlds

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။