သမ္မတရွေးကောက်ပွဲနောက်ပိုင်း သမ္မတ ဒေါ်နယ်ထရမ့်နိုင်ငံတကာကွန်ဖရင့်သို့ ပထမဆုံးအကြိမ် တက်ရောက်

22-Nov-2020

ဝါရှင်တန် နိုဝင်ဘာ ၂၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၂၀ ရက် တွင် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်)ဆိုင်ရာ အွန်လိုင်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယင်းသို့ တက်ရောက်ခြင်းသည် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပခဲ့သည့် နိုဝင်ဘာ ၃ ရက် နောက်ပိုင်း နိုင်ငံတကာကွန်ဖရင့်သို့ ထရမ့်၏ ပထမဆုံး အကြိမ် တက်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည့် အေပက်ထိပ်သီး အစည်းအဝေးပြီးနောက် အိမ်ဖြူတော်က ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ခိုင်မာ သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် အင်ဒို-ပစိဖိတ် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို တိုးမြှင့် လုပ်ဆောင်ခြင်းအပါအဝင် ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သည့် မကြုံစဖူးသော စီးပွားရေးနာလန်ထူမှုကို ပြန်လည်တည်ဆောက်မည့် အမေရိကန်နိုင်ငံ၏ ကတိကဝတ် နှင့် စပ်လျဉ်း၍ သမ္မတထရမ့်က ထပ်လောင်းအတည်ပြု ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

လာမည့်ဆယ်စုနှစ်နှစ်ခုအတွက် အေပက်၏ ဦးစားပေး အစီအစဉ်ဖြစ်သည့် လွတ်လပ်၍တရားမျှတသော ကုန်သွယ် ရေးကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မူဝါဒသစ် တစ်ရပ်ကိုလည်း သမ္မတထရမ့်နှင့် တခြားသောခေါင်းဆောင် များက ထောက်ခံချက်ပေးခဲ့ကြောင်းလည်း အိမ်ဖြူတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၂၀၁၇ ခုနှစ် အတွင်းက ကျင်းပခဲ့သည့် အေပက်ထိပ်သီးအစည်းအဝေး သို့လည်း တက်ရောက်ခဲ့သူဖြစ်ပြီး အွန်လိုင်းမှ ပြုလုပ်မည့် ဂျီ-၂၀ နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်