ဂျပန်နိုင်ငံက H2A အမျိုးအစားဒုံးပျံကို အောင်မြင်စွာလွှတ်တင်

30-Nov-2020

တိုကျို နိုဝင်ဘာ ၂၉

ဂျပန်နိုင်ငံသည် ဆက်သွယ်ရေးဂြိုဟ်တုသစ်တစ်လုံးကို သယ်ဆောင်သော H2A အမျိုးအစားဒုံးပျံကို ဂျပန်နိုင်ငံတောင်ပိုင်းရှိ တာနီဂါရှီးမားအာကာသစင်တာမှ အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။ ယင်းလွှတ်တင်မှုသည် အဆိုပါဒုံးပျံ အမျိုးအစားကို (၄၃)ကြိမ်မြောက် လွှတ်တင်မှုလည်းဖြစ်သည်။

အဆိုပါ ဒုံးပျံကို ယနေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ဒုံးပျံသည် တည်ငြိမ်စွာမြင့်တက်သွားပြီးနောက် အဟုန်မြှင့်ဒုံးယာဉ်မှ ခွဲထွက်သွား ခဲ့ကြောင်း သိရသည်။ ယင်းဒုံးပျံက သယ်ဆောင်လာသည့် ဂြိုဟ်တုသည် ကမ္ဘာမြေ မှ အချက်အလက်များနှင့် ပုံရိပ်များကို အခြေစိုက်စခန်းသို့ မြန်နှုန်းမြင့်စနစ်ဖြင့် ပို့ဆောင်ပေးနိုင်မည်ဖြစ်ပြီး အစိုးရအဖွဲ့ ဂြိုဟ်တုထောက်လှမ်းရေးစင်တာအတွက် လည်း အချက်အလက်များ ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။

ယင်းဂြိုဟ်တုသည် အီကွေတာအထက် ကီလိုမီတာ ၃၆၀၀၀ အကွာရှိ ပတ်လမ်းအတွင်းသို့ ဝင်ရောက်ရန် ဂြိုဟ်တု၏ ကိုယ်ပိုင်စက်ကို အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။ ယခုဂြိုဟ်တုသည် ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ကိုးနာရီကြာအထိ အချက်အလက်များကို ပို့ဆောင်နိုင်မည်ဖြစ်ပြီး ယခင်ဂြိုဟ်တု များထက် အချက်အလက်များကို ကိုးဆကျော်အထိ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုလွှတ်တင်မှုသည် ၂၀၀၅ ခုနှစ်နောက်ပိုင်း (၄၆)ကြိမ်ဆက်တိုက် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း (၅၂)ကြိမ်လွှတ်တင်ခဲ့ရာတွင် (၅၁)ကြိမ်မှာ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - အလင်းသစ်