ကပ်ဘေးအစိုးရထောက်ပံ့ကြေး အငြင်းပွားစရာတွေရှိနေ

18-Nov-2020

ကိုဗစ်ကပ်ရောဂါကာလ စားဝတ်နေရေး အခက်ကြုံနေရတဲ့ အခြေခံလူတန်းစားတွေကို အစိုးရက ထောက်ပံ့ရာမှာ အငြင်းပွားစရာ ပေါ်နေရတဲ့အပေါ် ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်ကို အိမ့်သန္တာထွန်း က ရန်ကုန်မြို့ကနေ စုစည်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလမှာ စားဝတ်နေရေး အခက်အခဲကြုံနေကြရတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ရိက္ခာနဲ့ ငွေကြေး အကူအညီ ထောက်ပံ့တာ ၄ ကြိမ် ရှိလာပေမဲ့ ရသင့်ရထိုက်သူတွေ မရဘူးဆိုပြီး ဝေဖန်သံတွေလည်း အကြိမ်တိုင်းလိုလို ကြားနေရပါတယ်။ အခုနောက်ဆုံး စတုတ္ထအကြိမ်ထောက်ပံ့ကြေး ပေးရာမှာတော့ ကပ်ရောဂါကြောင့် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ မြို့နယ်တွေက အခြေခံလူတန်းစား အိမ်ထောင်စု ၁ စုကို ကျပ် ၄၀၀၀၀ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ပြန်မထားတဲ့ မြို့နယ်တွေမှာ ၁ အိမ်ထောင် ကျပ်၂၀၀၀၀ နှုန်း သတ်မှတ်ထားတာပါ။ ဒါပေမဲ့လည်း ဒီလိုထောက်ပံ့ရာမှာ ရသင့်တဲ့သူတွေ မပါဝင်ဘူးဆိုပြီး သက်ဆိုင်ရာ ဒေသခံအာဏာပိုင်တွေကို ကန့်ကွက်ဆန္ဒပြတာ တိုင်ကြားတာတွေလည်း ပေါ်ပေါက်နေပါတယ်။

ရန်ကုန်တိုင်း ရွှေပေါက္ကံ ၂၂ ရပ်ကွက်မှာနေတဲ့ မမြတ်သူဇာကတော့ လက်လုပ်လက်စားတဦး ဖြစ်ပေမယ့် အစိုးရကထောက်ပံ့တဲ့ ၄ ကြိမ် စလုံးမရခဲ့ဘူးလို့ ပြောပါတယ်။

“ညီမတို့က စက်ချုပ်တယ်၊ လက်လုပ်လက်စားသမားပဲ၊ ဝန်ထမ်းလည်းမဟုတ်ဘူး။ ပိုက်ဆံချမ်းသာတဲ့သူလည်းမဟုတ်ဘူး။ ခု ကျမတို့ ၂၂ ရက်ကွက်မှာ ဘာဖြစ်နေလဲဆိုတော့ အိမ်ခြေတစ်ထောင်ကျော်ပဲရှိတာ မရှိတဲ့သူက ၇၀၀ ၈၀၀ လောက်ရှိတယ်။ အဲ့ဒီမှာ ၄၀၀ ကျော်ပဲရတယ်။ ကျန်တဲ့ ကျွန်မတို့က မရဘူး။ ပြီးတော့ စာရင်းကောက်တယ်ဆိုတာကလည်း ကျွန်မတို့ အိမ်မှာတောက်လျောက်ရှိတယ်။ ကျွန်မတို့ လမ်းထဲကို စာရင်းလာမကောက်ဘူး။ သူတို့နီးစပ်ရာ နီးစပ်ရာပဲ ကောက်သွားတဲ့ခါကျတော့ ကျွန်မတို့က မရဘူး။”

ကပ်ရောဂါကာလ စားဝတ်နေရေး အကြပ်အတည်း ကြုံနေရသူတွေကို အစိုးရက စိစစ်ပြီး အထောက်အပံ့တွေ ပေးနေတယ် ဆိုပေမဲ့ အားနည်းချက်တွေ ရှိနေတာကိုလည်း တာဝန်ရှိသူတွေက အသိအမှတ်ပြုလက်ခံထားကြပါတယ်။ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးကတော့ အခက်အခဲကြုံနေရတဲ့သူတွေ မြန်မြန်ဆန်ဆန် အကူအညီရအောင် သတ်မှတ်ချက်တွေကို လျှော့ပေါ့ဖို့နဲ့ အစိုးရက ပိုမိုအကုန်အကျခံသုံးစွဲဖို့ အကြံပြုပါတယ်။

“အခုအချိန်က လူတွေက မသမာတဲ့နည်းတွေနဲ့လုပ်ကြံပြီး အစိုးရငွေ ကို ဖြုန်းကြမယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ပေါ့၊ ဒါကတစ်ဖက်ပေါ့နှော်။ နောက်တစ်ဖက်က ကျွန်တော်တို့ အစိုးရ က လိုအပ်နေတဲ့ ပြည်သူတွေကို အချိန်မီမထောက်ပံ့နိုင်ရင် အဲ့ဒီလူတွေဟာ ပိုပြီးတော့ ဒုက္ခရောက်နိုင် တယ်ဆိုတဲ့ တစ်ချက်ပေါ့နှော်၊ အဲ့ဒီ စိုးရိမ်မှု နှစ်ခုကြားမှာ လွန်ဆွဲနေရတဲ့ ကာလပေါ့။ အဲ့တော့ ကျွန်တော်အမြင်အရ ပြောမယ်ဆိုရင်တော့ မသမာမှုတွေကို စိုးရိမ်နေမယ့်အစားပေါ့ လိုတဲ့သူ ရသင့် တဲ့သူတွေအားလုံးဟာ အမြန်ဆုံးနည်းနဲ့ မြန်မြန်ဆန်ဆန်လာပြီးတော့ ထုတ်ယူနိုင်အောင် စည်းမျဉ်း စည်းကမ်းနည်းနည်နဲ့ ထုတ်ယူနိုင်တဲ့နည်းကို ပိုပြီးတော့ လုပ်သင့်တယ်လို့ ထင်တယ်။ အဲ့ဒါကြောင့် အစိုးရက စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ကတည်းက ဘောင်လေးကို နည်းနည်း ကျယ်ကျယ် ထားပြီး သတ်မှတ်သင့်တယ်။ ဒီအတွက်ကိုလည်း သိပ်ပြီးတော့ မနှမျောသင့်ဘူး၊ ဘာလို့လည်းဆိုတော့ ဒီအချိန်က တကယ်ကို လိုအပ်နေတဲ့ အချိန်ဖြစ်နေတယ်ပေါ့၊ မသမာမှုတွေကျူးလွန်မယ်ဆိုတဲ့ ကိစ္စက တော့ နောက်တစ်ဆင့်အနေနဲ့ပဲ ဖြေရှင်းသင့်တယ်လို့ထင်တယ်။ ဒီလို မသမာမှုတွေလုပ်ခဲ့ရင်တော့ အစိုးရကို တိုင်စာပို့နိုင်ပါတယ်၊ အကြံပေးနိုင်ပါတယ်ဆိုတာမျိုး၊ အဲ့ဒီအပေါ်မှာပဲ အစိုးရက အရေးယူ ဆောင်ရွက်တာမျိုးလုပ်မယ်ဆိုရင်တော့ ပေးတဲ့ကိစ္စက နှောင့်နှေးမှုမဖြစ်ဘူးပေါ့။”

ကပ်ရောဂါကာလမှာ အခြေခံလူတန်းစားတွေကိုပေးတဲ့ ထောက်ပံ့ကြေးတွေ မရတာမျိုးရှိရင် တိုင်ကြားနိုင်အောင် ဆောင်ရွက်ပေးထားပြီးဖြစ်သလို ကျန်ခဲ့တဲ့ သူတွေကိုလည်း ထပ်ပြီးပံ့ပိုးပေးမှာဖြစ်တယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကပ်ရောဂါအခြေအနေနဲ့ ပတ်သက်လို့ ပြည်သူလူထုကို မနေ့တုန်းကပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ဒီထောက်ပံ့ကြေးတွေပေးတာဟာ ခုဆိုရင် စတုတ္ထအကြိမ်ရှိပါပြီ။ ပထမ ဒုတိယ တတိယ အားလုံး ချောချောမွေ့မွေ့ဖြစ်ခဲ့ပါတယ်။ အခု စတုတ္ထအကြိမ်မှာ တစ်ချို့နေရာတွေမှာ လူစုလူဝေးလုပ်ပြီးတော့ နည်းနည်း ဆူပူတာတွေဖြစ်လာတယ်ဆိုပြီးတော့ ကျွန်မတို့ တွေ့ရပါတယ်။ ဒါတွေက မလိုအပ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့က ဘယ်သူ့ကိုမှ ချန်ခဲ့ဖို့ မရှိပါဘူး။ ဘယ်သူ့ကိုလည်း ချန်ခဲ့မှာ မဟုတ်ပါဘူး။ အကြောင်းကြောင်းမို့လို့ ကျန်ခဲ့တယ်ဆိုလို့ရှိရင် တိုင်ကြားနိုင်တဲ့ ဌာနတွေ ကျွန်မတို့ စပြီးတော့ ဖွင့်ပါပြီ၊ အဲ့တော့ တိုင်ကြားနိုင်ပါတယ်။ တိုင်ကြားပြီးတော့ ကျန်ခဲ့တယ်ဆိုလို့ရှိရင် ကိုယ့်မိသားစု ကျန်ခဲ့တယ်၊ တစ်ယောက်တည်းသမားမို့လို့ ကိုယ်ရပိုင်ခွင့်ကို မရဘူးဆိုလို့ရှိရင်လည်း တိုင်လို့ရပါတယ်။ အဲ့တော့ အေးအေးဆေးဆေးနဲ့ ဒီတိုင်စာဌာနမှာတိုင်ကြပါ။ အခြေအနေဘယ်လိုဖြစ် တာလည်းဆိုတာပြောကြပါ။ ကျွန်မတို့ ရည်ရွယ်ချက်နဲ့ ဘယ်သူ့ကိုမှထားခဲ့မှာလည်း မဟုတ်ပါဘူး။ အကယ်၍ ကျန်ခဲ့လို့ရှိရင်လည်း ပြန်ပြီးတော့ ပံ့ပိုးပေးမှာဖြစ်ပါတယ်။”

ထောက်ပံ့ကြေးမရကြသူတွေရှိရင် တိုင်ကြားနိုင်ဖို့အတွက် တိုင်းနဲ့ ပြည်နယ်၊ မြို့နယ်အလိုက် တိုင်ကြားစာဖြေရှင်းရေးဌာနတွေ ဖွင့်ပေးထားပြီးဖြစ်သလို တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကိုလည်း ပြည်ထောင်စု အစိုးရရုံးဝန်ကြီးဌာန Facebook စာမျက်နှာကနေ ကြေညာပေးထားပါတယ်။

ပထမအကြိမ် ဧပြီလနဲ့ ဇွန်လမှာ အိမ်ထောင်စုပေါင်း ၅.၄ သန်းအတွက် ကျပ် ၇၂ ဘီလီယံ၊ ဒုတိယအကြိမ် ဇူလိုင်နဲ့ သြဂုတ်လအတွက် အိမ်ထောင်စု ၅.၄ သန်းအတွက် တစ်အိမ်ထောင် ကျပ်၂ သောင်းနှုန်းနဲ့ ၂၁၈ ဘီလီယံကျော်၊ တတိယအကြိမ် စက်တင်ဘာလအတွက် အိမ်ထောင်စုပေါင်း ၅.၇ သန်းခန့်အတွက် ၁၁၃ ဘီလီယံကျော် ထောက်ပံ့ခဲ့ပြီး စတုတ္ထအကြိမ်မှာ အိမ်ထောင်စုပေါင်း ၆ သန်းကျော်အတွက် ကျပ်ငွေ ဘီလီယံ ၁၆၀ ကျော် သုံးစွဲဖို့ ရည်ရွယ်ထားတယ်လို့ တာဝန်ရှိသူတွေ သတင်းထုတ်ပြန်ထားပါတယ်။

ကပ်ရောဂါကာလမှာ ပုံမှန်ဝင်ငွေမရှိတာကြောင့် စားဝတ်နေရေး အခက်ကြုံနေကြတဲ့ ပျံကျဈေးသည်၊ အငှားယာဉ်မောင်း၊ ကျပန်းလုပ်သား၊ ရေလုပ်သား၊ အလုပ်ကြမ်းသမား၊ ခြံလုပ်သား၊ ပုဂ္ဂလိက လုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့ နေ့စား ဒါမှမဟုတ် ယာယီဝန်ထမ်း၊ အခြားပုံမှန် ဝင်ငွေမရှိတဲ့ အလုပ်သမားတွေနဲ့ အလုပ်လက်မဲ့ ဖြစ်နေသူတွေကို အခြေခံလူတန်းစားတွေအဖြစ် သတ်မှတ်ပြီး အစိုးရက ထောက်ပံ့နေတာပါ။ တချိန်တည်းမှာပဲ ကပ်ရောဂါနဲ့ ကြုံရချိန်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာပြေးနေကြရသူတွေ၊ အသက် ၂ နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနှင့် သက်ကြီးရွယ်အိုတွေကိုလည်း အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ထောက်ပံ့ကူညီတာတွေလည်း ရှိပါတယ်ရှင်။

Crd VOA News