ဂျော်ဂျီယာ မဲပြန်ရေတာ ဘိုင်ဒန် အနိုင်ရ

21-Nov-2020

ဂျော်ဂျီယာပြည်နယ်မှာ မဲပြန်ရေတွက်တာ ပြီးစီးသွားပြီးနောက် အမေရိကန် သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ဂျိုးဘိုင်ဒန်ရဲ့ အနိုင်ရရှိမှုက သေချာသွားခဲ့ပါတယ်။

အဲဒါနဲ့အတူ ထရမ့်ထောက်ခံသူတွေက ပြည်နယ်သုံးခုမှာ တရားရေးလမ်းကြောင်းကနေ တိုင်ကြားတောင်းဆိုတာတွေလည်း ပယ်ချခံရပါတယ်။

ဂျော်ဂျီယာမှာ ဒီမိုကရက် မစ္စတာ ဘိုင်ဒန်က ပြိုင်ဘက် ဒေါ်နယ်ထရမ့်ထက် မဲ ၁၂,၂၈၄ မဲ အသာပိုရခဲ့တယ်လို့ ပြည်နယ် ဥပဒေအရ ပြန်ရေတွက်စစ်ဆေးခဲ့မှုတွေအရ သိရပါတယ်။

မစ္စတာထရမ့်က သူ မနိုင်နိုင်ဘူးဆိုတာ သိလျက်ရဲ့ အရှုံးကို လက်မခံတာဟာ လုံးဝ တာဝန်မဲ့တာကို ပြတာပဲလို့ မစ္စတာဘိုင်ဒန်က ဆိုပါတယ်။

ဂျိုးဘိုင်ဒန်ဟာ ၄၆ ယောက်မြောက် အမေရိကန် သမ္မတ အဖြစ် ဇန်နဝါရီမှာ ရာထူးရယူသွားဖို့ ရှိပါတယ်။

အခုရွေးကောက်ပွဲမှာ မစ္စတာဘိုင်ဒန်က တစ်နိုင်ငံလုံး လူထုမဲ ၅.၉ သန်း ကျော် ပိုရခဲ့ပါတယ်။

သမ္မတဖြစ်ဖို့ အရေးပါတဲ့ သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ် မဲကိုတော့ ဘိုင်ဒန်က ၃၀၆ မဲနဲ့ ထရမ့်က ၂၃၂ မဲ ရမှာ ဖြစ်ပါတယ်။

သမ္မတအဖြစ် အနိုင်ရဖို့ လိုအပ်တဲ့ မဲက ၂၇၀ မဲ ဖြစ်ပါတယ်။

မစ္စတာ ထရမ့်ကတော့ အခုချိန်ထိ အရှုံးကို လက်ခံဖို့ ငြင်းဆန်နေပြီး သက်သေအထောက်အထားမရှိပေမဲ့ မဲမသမာမှုတွေရှိတယ်လို့ စွပ်စွဲတာတွေ လုပ်နေပါတယ်။

ဂျော်ဂျီယာမှာ ဘာဖြစ်ခဲ့လဲ

ဂျော်ဂျီယာမှာမဲတွေကို လူတွေကိုယ်တိုင် ပြန်ရေတွက်တာက မစ္စတာ ဘိုင်ဒန်ရဲ့ အနိုင်ရလဒ်ကို ပြောင်းမသွားခဲ့ဘူးလို့ ပြည်နယ် ရွေးကောက်ပွဲ ကြီးကြပ်သူက ကြာသာပတေးနေ့က ပြောပါတယ်။

ဂျော်ဂျီယာမှာ ဒီမိုကရက်တို့ရဲ့ အနိုင်ဟာ ၁၉၉၂ မှာ ဘီလ်ကလင်တန် အနိုင်ရပြီးနောက် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ ပထမဆုံး ပြန်အနိုင်ရတာ ဖြစ်ပါတယ်။

မဲပြန်ရေတွက်ရာမှာ ခရိုင်တွေမှာ အမှားဖြစ်နိုင်ခြေ ၀.၇၃ ရာခိုင်နှုန်း ထက် မကျော်တာကို တွေ့ရပြီး မစ္စတာဘိုင်ဒန်ရဲ့ မဲအသာရမှုကလည်း ၀.၅ ရာ ခိုင်နှုန်း အောက်မှာပဲ ဆက်ရှိခဲ့ပါတယ်။

အဲဒီရလဒ်ကို သောကြာနေ့မှာ တရားဝင် အတည်ပြု ထုတ်ပြန်မှာ ဖြစ်ပါတယ်။

ထရမ့် မဲဆွယ်အဖွဲ့ အကြီးတန်း ဥပေဒ အကြံပေး ဂျီနာ အဲလိယက်စ်က မဲစာရင်းပြန်ရေတွက်တာဟာ သူတို့ မျှော်မှန်းတဲ့အတိုင်း အတိအကျဖြစ်ခဲ့တယ် ဘာကြောင့်လဲဆိုတော့ တရားမဝင်မဲတွေကို ပြန်ရေတွက်လို့ပဲလို့ သက်သေအထားမပါဘဲ ပြောပါတယ်။

မဲရေတွက်တဲ့ စက်တွေက မဲတွေ မှန်အောင် မရေနိုင်ဘူးဆိုတာမျိုး မကျေမနပ်တိုင်ကြားမှုတွေ ရှိခဲ့ပေမယ့် အဲဒီလို မဖြစ်ခဲ့ဘူးဆိုတာ သက်သေပြနိုင်ခဲ့တယ်လို့ ဂျော်ဂျီယာ ရွေးကောက်ပွဲ မန်နေဂျာ ရီပတ်ဘလစ်ကန် ဂါဘရီယယ်လ် စတာလင်က ပြောပါတယ်။

မဲတွေ ပြန်လည် စစ်ဆေးရေတွက်ခဲ့ရာမှာ စာရင်းမပါတဲ့ မဲ ၆၀၀၀ နီးပါးတွေ့ခဲ့ရပြီး အဲဒါကလည်း လူရဲ့ အမှားသာဖြစ်ပြီး မဲမသမာမှု ဖြစ်တာမဟုတ်ဘူးလို့ မစ္စတာ စတာလင်က ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဖလွိုက်ခရိုင်က တာဝန်ရှိသူတွေက ခရိုင် ရွေးကောက်ပွဲ မန်နေဂျာကို ရာထူးကထုတ်ပယ်လိုက်တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

နောက်ထပ်ထရမ့်ဘာလုပ်နိုင်ခြေရှိလဲ

မဲရလဒ်တွေနဲ့ ပတ်သက်လို့ ထရမ့်ရဲ့ ကန်ပိန်းအဖွဲ့တွေက ပြည်နယ်တချို့က တရားရုံးတွေမှာ မဲပြန်ရေတွက်ဖို့တောင်းဆိုတာနဲ့ မဲရလဒ်အတည်မပြုဖို့ တားဆီးတာ စတဲ့ တိုင်ကြားမှုတွေ ရှိခဲ့ပေမဲ့ အဲဒါတွေ မအောင်မမြင်ဖြစ်ခဲ့ပါတယ်။

အမေရိကန် မီဒီယာတွေမှာတော့ ထရမ့်က အဓိကပြည်နယ်တွေက ရီပတ်ဘလစ်ကန် ထောက်ခံတဲ့ ပြည်နယ်လွှတ်တော်တွေမှာ လူထုရွေးချယ်မှုထက် သူ့ကို ထောက်ခံနိုင်ခြေရှိတဲ့ သမ္မတရွေးချယ်ရေးကိုယ်စားလှယ်တွေ ရဖို့ ကြိုးစားသွားဖွယ်ရှိတာကို ဖြစ်နေခြေ တစ်ခုအဖြစ် ခန့်မှန်းဖော်ပြနေကြပါတယ်။

သောကြာနေ့မှာ မစ်ရှီဂန်ပြည်နယ်က ရီပတ်ဘလစ်ကန် အမတ်တွေကို အိမ်ဖြူတော်ကို မစ္စတာထရမ့်က ဖိတ်ခဲ့ပြီး ဖြစ်နိုင်ခြေရှိတဲ့ နည်းဗျူဟာအပြောင်းအလဲတွေကို အရိပ်အမြွက် ပြောခဲ့ပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော်ကို သွားတဲ့ မစ်ရှီဂန်က အမတ်တစ်ယောက်ဖြစ်တဲ့ မိုက်ရှာကီကတော့ သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ် အဲဒီလို ခန့်တာမျိုး ဖြစ်မှာ မဟုတ်ဘူးလို့ ဒီသီတင်းပတ်အစောပိုင်းမှာ ပြောပါတယ်။

လူထုက တိုက်ရိုက်ရွေးချယ်လိုက်တဲ့မဲတွေ အနိုင်ရပေမဲ့ ပြည်နယ်တစ်ခုချင်းစီက ခန့်အပ်လိုက်တဲ့ သမ္မတရွေးချယ်ရေးကိုယ်စားလှယ်တွေရဲ့ မဲတွေ အများဆုံးရသူကသာ အမေရိကန် သမ္မတ ဖြစ်လာမှာ ဖြစ်ပါတယ်။

ပြည်နယ်အများစုက သူတို့ ပြည်နယ်တွေမှာ လူထုမဲ အများဆုံး အနိုင်ရသူကို အခြေခံပြီး ဆုံးဖြတ်ကြပါတယ်။

Crd BBC News