ကန်မဟာမိတ် အာရှခေါင်းဆောင်တွေနဲ့ Joe Biden ဆွေးနွေး

13-Nov-2020

အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် ကြေညာထားတဲ့ ဂျိုးဘိုင်ဒန်ဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တရားရေးစိန်ခေါ်မှုတွေကို ဆက်လက် ရင်ဆိုင်နေရသလို ရွေးကောက်ပွဲအလွန် ကြား ကာလ အတွက် ရှုပ်ထွေးမှုတွေ ရှိနေတဲ့ ကြားကပဲ ကမ္ဘာ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ကြာသပတေးနေ့မှာ အာရှဒေသက အမေရိကန်ရဲ့ အဓိက မဟာမိတ်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြောကြားခဲ့ပါတယ်။

သမ္မတထရမ့်ရဲ့ အမေရိကန်သာ ပထမ မူဝါဒနဲ့ လုပ်ဆောင်မှုတွေအတွက် သူတို့ရဲ့ စိုးရိမ်ရမှုတွေကို မစ္စတာဘိုင်ဒန်က လျော့ပါးအောင် လုပ်ဆောင်ပေးမယ့် အနေထားရှိနေတာကြောင့် ကမ္ဘာ့ကိစ္စရပ် ကြီးတွေ ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၊ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာနဲ့ တခြားကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း အာရှခေါင်းဆောင်တွေက ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် Yoshihide Suga ဟာ မစ္စတာဘိုင်ဒန်နဲ့ ၁၅ မိနစ်ကြာ တယ်လီဖုန်း ဆက်သွယ်ပြောကြားခဲ့တာ ဖြစ်ပြီး ကမ္ဘာမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာနေပြီး မြောက်ကိုရီးယားရဲ့ နျူကလီယားခြိမ်းခြောက်မှုတွေ တိုးလာနေချိန်မျိုးမှာ ဂျပန်- အမေရိကန် ၂ နိုင်ငံ မဟာမိတ်ဖြစ်တည်မှု ပိုမိုခိုင်မာစေဖို့ လက်တွဲ လုပ်ဆောင်ဖို့ မစ္စတာ ဘိုင်ဒန်က သဘောတူကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။

တောင်ကိုရီးယား သမ္မတ Moon Jae-in နဲ့ ၁၄ မိနစ်ကြာ ဆက်သွယ်ပြောဆိုမှုမှာလည်း မြောက်ကိုရီးယားနဲ့ နျူကလီယား ပြဿနာ ရှေ့မတိုးနောက်မဆုတ် အနေထား ဖြစ်နေတာကို ဖြေရှင်းရေးမှာ အမေရိကန်က တောင်ကိုရီးယားကို အကူညီပေးမယ်လို့ ပေးထားတဲ့ ကတိကို မစ္စတာ ဘိုင်ဒန်က ထပ်လောင်း အတည်ပြုပေးခဲ့တယ်လို့ တောင်ကိုရီးယား သမ္မတပြောခွင့်ရ Kang Min-Seok က ပြောပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၂၀ ကျမ်းသစ္စာကျိန်ဆိုပွဲပြီးတဲ့ နောက်ပိုင်းမှာ ခေါင်းဆောင် ၂ ဦး တေ့ွ ဆုံဖို့ ရှိကြောင်းလည်း ပြောပါတယ်။

Australian ဝန်ကြီးချုပ် Scott Morrison ကလည်း Australia - အမေရိကန် ၂ နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်ရေးနဲ့ပတ်သက်ပြီး မစ္စတာဘိုင်ဒန်နဲ့ ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့တဲ့ အပြင် အင်ဒို ပစိဖိတ်ဒေသအတွင်း တည်ငြိမ်အေးချမ်း မှု ပိုမိုကောင်းမွန်အောင် လက်တွဲလုပ်ဆောင်မှု အပါအဝင် ၂ နိုင်ငံကြား ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ၂ ဖက် သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။

ကမ္ဘာတလွှားက နိုင်ငံကြီးတွေက ခေါင်းဆောင် အားလုံးနီးပါးက မစ္စတာဘိုင်ဒန်ကို အသိမှတ်ပြု ကြိုဆိုဂုဏ်ပြုနေကြပေမယ့် ရုရှားသမ္မတ Vladimir Putin ၊ တရုတ်သမ္မတ Xi Jinping နဲ့ ဘရာဇီးလ် သမ္မတ Jair Bolsonaro တို့ဆီကတော့ မကြားရသေးပါဘူး။

Crd VOA News