မြောက်ဦး ဒုက္ခသည်စခန်းက ဆန်အိတ် ၅၀၀ ကို တပ်က သိမ်းယူ

10-Nov-2020

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာက စစ်ဘေးဒုက္ခသည်တွေအတွက် အစိုးရထောက်ပံ့ထားတဲ့ ရိက္ခာဆန်အိတ် ၅၀၀ ကျော်ကို တပ်မတော်က နိုဝင်ဘာ ၉ ရက်နေ့ မနေ့ညက သိမ်းယူသွားပါတယ်။

မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှာ စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော်ရှိနေပြီး ဒုက္ခသည်တွေအတွက် အစိုးရက ထောက်ပံ့ထားတဲ့ ဆန်ရိက္ခာ အိတ် ၅၀၀ ကို တိမ်ညိုဘုန်းကြီးကျောင်းမှာ သိမ်းဆည်းထားတာ ဖြစ်ပါတယ်။

အဲဒီဆန်အိတ်တွေကို တစ်စုံတစ်ရာ လျှောက်ထားတာမျိုး မရှိဘဲ တပ်မတော်က နိုဝင်ဘာ ၉ ရက်နေ့ မနေ့ညက ကားတွေနဲ့ လာတင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တိမ်ညိုဘုန်းကြီးကျောင်းက ဆရာတော်တစ်ပါးက မိန့်ပါတယ်။

ဒီဆန်အိတ်တွေဟာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထာရေးဝန်ကြီးဌာနရဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့တဲ့ ဆန်အိတ်တွေဖြစ်ပြီး တစ်ဝက်က ဝေငှပြီးဖြစ်ကာ ကျန်ရှိနေတဲ့ ဆန်အိတ်တွေကို သိမ်းယူသွားတာဖြစ်ပါတယ်။

တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ဒီကိစ္စကို သက်ဆိုင်ရာ မြို့နယ်နဲ့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးတွေကို တင်ပြထားတယ်လို့ ပြောပါတယ်။

တိမ်ညိုကျေးရွာ ဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၈၀၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်အတွက် တစ်ဦးကို တစ်ရက် ဆန် ၂ ဗူးနှုန်းနဲ့ အစိုးရက လစဉ်ဆန်ရိက္ခာ ထောက်ပံ့နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ဒုက္ခသည်တွေရဲ့ ရိက္ခာတွေ သိမ်းယူခံရတာကို သူ့အနေနဲ့ မသိရသေးတာကြောင့် မှတ်ချက်ပြုဖို့မရှိကြောင်း ပြောပါတယ်။

မြောက်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထာရေးဝန်ကြီးဌာန ရခိုင်ပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မြောက်ဦးမြို့နယ် ခရိုင်ဦးစီးမှူး ဦးဆန်နီကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ဆန်အိတ် တစ်ထောင်ကျော် ထောက်ပံ့ထားတာဖြစ်ပြီး လစဉ်ထောက်ပံ့မှုတွေ ပေးနေတာလို့ ဆိုပါတယ်။

တပ်မတော်သား ၂၀၀ လောက်ဟာ နိုဝင်ဘာ ၂ ရက်နေ့လောက်ထဲက တိမ်ညိုကျေးရွာကို ရောက်ရှိနေတာဖြစ်ပြီး တိမ်ညိုကျေးရွာက စစ်ဘေးဒုက္ခသည်စခန်းကို စစ်ဆေးတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ တိမ်ညိုကျေးရွာမှာ ဒီနေ့အထိ တပ်မတော်က တပ်စွဲထားကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

တပ်မတော် စစ်ဆေးမှုတွေကိုကြောက်တဲ့ စစ်ဘေးဒုက္ခသည်တွေက ထွက်ပြေးနေကြပြီး စခန်းမှာ လူမရှိသလောက် ဖြစ်နေတယ်လို့ တိမ်ညိုကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခ သည်တစ်ဦးက ပြောပါတယ်။

တပ်က ဒုက္ခသည်တွေရဲ့ ရိက္ခာကို သိမ်းယူတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဒီနေ့ ညနေ ၅ နာရီခွဲအထိ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါဘူး။

မြောက်ဦးမြို့နယ် တိမ်ညို ဒုက္ခသည်စခန်းဖွင့်လှစ်ထားတာ တစ်နှစ်ကျော်ရှိနေပြီဖြစ်ပြီး တိမ်ညိုကျေးရွာနဲ့ အနီးအနားဝန်းကျင်က ထွက်ပြေးလာသူတွေ ခိုလှုံနေကြတာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးပြီး ဒုက္ခသည်စခန်းမှာ ခိုလှုံနေရသူ ၂ သောင်းနီးပါးရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC က အောက်တိုဘာလ အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ၁၀ ခုမှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော် ရှိနေပြီလို့ စစ်ဘေးဒုက္ခသည်တွေအရေး အကူအညီပေးနေတဲ့ REC အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့အထိ စခန်းတွင်းရော စခန်းပြင်ပမှာပါ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၇၆၀၀၀ ကျော်ရှိတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောထားပါတယ်။

Crd RFA