ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးသည့် အမေရိကန်ဦးရေထက် ကိုဗစ်ကြောင့်သေဆုံးသည့် ဦးရေပိုများ

22-Jan-2021

ဝါရှင်တန် ဇန်နဝါရီ ၂၁

အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူဦးရေ သည် ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့သည့် အမေရိကန်တပ်ဖွဲ့ဝင် ဦးရေထက် ပို၍များပြားလာခဲ့ပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းစ် တက္ကသိုလ် မှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၉၆ သန်းကျော်ရှိလာခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တစ်ဟုန်ထိုးမြင့်တက်လာရခြင်းမှာ မကြာသေးမီက ဗြိတိန် နိုင်ငံ၌ဖြစ်ပွားပြီး ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၆၀ ကျော်သို့ ကူးစက်ပျံ့နှံ့ ခဲ့သည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ရှင်းလင်းပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် အမေရိကန်ပြည်ထောင်စုရှိ သေဆုံးသူ ဦးရေသည် ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူပေါင်း နှစ်သန်းကျော်၏ ငါးပုံတစ်ပုံခန့်ရှိသည်။ သို့ရာတွင်သမ္မတသစ်ဂျိုဘိုင်ဒင် အနေဖြင့် ကူးစက် ရောဂါတိုက်ဖျက်ရေးကို ၎င်း၏ထိပ်တန်းဦးစားပေး လုပ်ငန်းစဉ်တစ်ခု အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်သည့် ရောဂါများကြောင့် ယမန်နေ့ညနေပိုင်းအထိ ၄၀၅၄၀၀ သေဆုံးခဲ့ရာ ဒုတိယကမ္ဘာစစ်ကာလအတောအတွင်း သေဆုံးခဲ့သည့် အမေရိကန် တပ်ဖွဲ့ဝင်ဦးရေ ၄၀၅၃၉၉ ဦးထက် ပိုမိုများပြားလာကြောင်း အမေရိကန် စစ်မှုထမ်းဟောင်းများရေးရာဌာန၏ ပြောကြားချက်အရ သိရသည်။

ဂျိုးဘိုင်ဒင်အစိုးရသည် ရက်ပေါင်း ၁၀၀ အတွင်း အမေရိကန် ပြည်သူသန်း၁၀၀ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ် ထားပြီး သမ္မတဟောင်းဒေါ်နယ်ထရမ့်၏ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်များကို ပြောင်းလဲသွားမည်ဟု ယူဆရသည်။ ။

တစ်ချိန်တည်းမှာပင် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးအတွက် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဂျက်ဖ်ဇီယန့်က အမေရိကန် ပြည်ထောင်စုသည် သမ္မတဟောင်းဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပြန်လည်ပေါင်းစည်းမည် ဖြစ်ကြောင်း ပြောကြားသည်။ ။

ဇန်နဝါရီ ၂၁ ရက်တွင် ပြုလုပ်မည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးကို တက်ရောက်မည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်ထိပ်တန်းပညာရှင် အန်တိုနီဖော်စီက ဦးဆောင်မည်ဖြစ်သည်။

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - ဂျေတီ