ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့တွင် တည်ဆောက်ခဲ့သည့် ခုတင် ၁၀၀ ဆံ့ ကိုဗစ်-၁၉ အရေးပေါ် ယာယီတိုးချဲ့ဆောင်ကို လွှဲပြောင်းပေးအပ်

25-Nov-2020

ရန်ကုန် နိုဝင်ဘာ ၂၄

ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် ရန်ကုန် ပြည်သူ့ဆေးရုံကြီးရှေ့၌ ခုတင် ၁၀၀ ဆံ့ အရေးပေါ် ယာယီတိုးချဲ့ ဆောင်ကို ဧရာဟင်္သာ ဟိုးလ်ဒင်း ကုမ္ပဏီလီမိတက်က ဆောက်လုပ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ လွှဲပြောင်းပေးအပ် လှူဒါန်းပွဲ ကို လမ်းမတော်မြို့နယ်ရှိ ဆေး တက္ကသိုလ် (၁) ၌ နိုဝင်ဘာ ၂၃ ရက်က ကျင်းပသည်။

အခမ်းအနားတွင် ဧရာဟင်္သာ ဟိုးလ်ဒင်း ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိန်က ခုတင် ၁၀၀ ဆံ့ အရေးပေါ် ယာယီတိုးချဲ့ဆောင် ဆောက်လုပ်လှူဒါန်းရခြင်းအကြောင်း ကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များဖြင့် တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် အစီအစဉ်များကိုလည်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ဆောက်လုပ်ပြီးစီး ခဲ့သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့ ခုတင် ၁၀၀ ဆံ့ အရေးပေါ် ယာယီ တိုးချဲ့ဆောင်ကို ဧရာဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌက တိုင်း ဒေသကြီးဝန်ကြီးချုပ်ထံ လွှဲပြောင်း ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် လူနာများအား ပါဝင် ကုသပေးနေသော ဆရာဝန်များနှင့် သူနာပြုများအတွက် အထွေထွေအသုံး စရိတ် ရန်ပုံငွေအဖြစ် ဧရာဟင်္သာ ဟိုးလ်ဒင်း ကုမ္ပဏီလီမိတက်အောက်ရှိ ဝိတိုရိယဆေးရုံမှ ကျပ်သိန်း ၁၀၀ နှင့် A Bank မှ ကျပ်သိန်း ၁၀၀ တို့ကို တာဝန်ရှိသူများက ဝန်ကြီးချုပ်ထံ လှူဒါန်းခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်ဆေးရုံကြီး ရှေ့ရှိ ခုတင် ၁၀၀ ဆံ့ အရေးပေါ် ယာယီတိုးချဲ့ဆောင်ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ထမ်းဆောင် ကြမည့် ကျန်းမာရေး ဝန်ထမ်းများအား အားပေးစကား ပြောကြားခဲ့သည်။

ဆန်းကျော်ဦး(ပြန်/ဆက်)