ကပ်ရောဂါကြောင့် ထိုင်းရောက်မြန်မာအချို့ ခွဲခြားဆက်ဆံခံရ

24-Dec-2020

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက စမွတ်ဆခွန်ခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ မြန်မာ အလုပ်သမား ကိုးရာကျော် ရှိနေပြီး၊ အဝင်အထွက် ပိတ်ခံထားရတဲ့သူ ငါးထောင်လောက် ရှိနေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

ဒါကြောင့် အခုဆိုရင် မြန်မာတွေ ခွဲခြားဆက်ဆံခံရတာ ပိုများလာနေတယ်လို့ မြန်မာနိုင်ငံသားတွေကို အကူအညီ‌ပေးနေတဲ့ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး (AAC) အဖွဲ့ကကဒါရိုက်တာ ဦးခိုင်ကြီးက ပြောပြပါတယ်။

“၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂ ရက်တွေမှာ Positive (ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အတည်ပြုလူနာ) မိနေတဲ့ လူဦးရေ တနိုင်ငံလုံးမှာ တစ်ထောင့်တစ်ရာကျော်သွားတယ်။ အဲဒီထဲမှာ ထိုင်းကျန်းမာရေးဌာနက တရားဝင်ပြောတာ မြန်မာအလုပ်သမား ၉၀ ရာခိုင်နှုန်းပါတယ် ဆိုပြီးထုတ်ပြန်ထားတဲ့အတွက် ကျနော်တို့မြန်မာက အနည်းဆုံး ကိုးရာကျော် ပါနေတာကိုး။ အခုလောလောဆယ် ဒီကိုးရာကျော်ကို ဘယ်နေရာမှာ သီးခြားခွဲထားတယ် ဆိုတာတွေ၊ သတင်းမှာ မှန်မှန်ကန်ကန် ထုတ်ပြတာတွေ ထိုင်းအစိုးရမှာ မရှိဘူး။ အဲဒီအတွက် အလုပ်သမား ငါးထောင်ကျော် သွားလာခွင့် ပိတ်ပင် ကန့်သတ်ထားတဲ့နေရာမှာ ပါသလား ဆိုတဲ့အပေါ် အလုပ်သမားတွေ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်။ နံပါတ်တစ် ဈေးဝယ်စားတဲ့ နေရာမှာ မြန်မာတွေဆိုရင် မရောင်းကြဘူး။ လိုင်းကားတွေပေါ်မှာ မြန်မာတွေ ပါတယ်ဆိုရင် အရင်ကပုံစံမျိုး မဟုတ်တော့ဘူး။ ခွဲခြားဆက်ဆံမှုတွေ နည်းနည်း ရှိလာတယ်။ နောက်ပြီးတော့ အလုပ်သမားတွေကလဲ မျက်နှာငယ်နေရတယ်။ အလုပ်ပြောင်းဖို့လဲ အဆင်မပြေဘူး။ စမွတ်ဆာခွန်ခရိုင်တခုလုံးက အပြင်ကို ထွက်ခွင့်မရကြဘူး”

စမွတ်ဆခွန်ခရိုင် တလာကုန်းဈေးက ထိုင်းအလုပ်ရှင် အမျိုးသမီးကြီး တစ်ယောက်ကနေစပြီး သူ့ဆီမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ကိုအောင်ရွှေဆီမှာ ကူးစက်ခံရတာ ဖြစ်ပါတယ်။ အခုတော့ ကိုအောင်ရွှေကို ဘန်ကောက်မြို့က ချွန်ပထန်လန်စလိ ဆေးရုံမှာ ကုသပေးနေပါတယ်။ ကိုအောင်ရွှေကို RFA က ဆက်သွယ်မေးမြန်းခွင့် ရတဲ့အခါ သူက ကူးစက်ခံရပုံကို ပြောပြပါတယ်။

“ကျနော့်သူဌေးကစတွေ့တာလို့ပြောရမှာပေါ။ ကျနော့်သူဌေးက စတွေ့တာ။ ကျနော့်သူဌေး တွေ့ပြီးတော့ ကျနော်မဟုတ်သေးဘူး၊ ကျနော့်သူဌေးရဲ့အမေ။ ပြီးတော့ သူဌေးရဲ့အမ၊ သူဌေးရဲ့ ယောင်းမ၊ လေးယောက်။ နောက်ပြီးတော့ ဝင်းထဲမှာ ပုစွန်လိုက်ဝယ်တဲ့သူ တစ်ယောက်။ ငါးယောက်ပြီးမှ ကျနော်က ခြောက်ယောက်မြောက်။ အကုန်လုံးတော့ ကျနော်ကြားတာတော့ ဘာမှ အထွေအထူးမခံစားရဘူး ပြောတယ်။ ကျနော့်သူဌေးမ တစ်ယောက်ပဲ (ရောဂါပိုးက) အဆုတ်ထဲရောက်နေလို့။ နေ့ခင်းက ကျနော်နဲ့ စကားပြောရတယ်လေ။ ဆေးက သူ့ကိုဆက်တိုက်နေတုန်းပဲ။ ဆရာဝန်က ပြောတယ်တဲ့ အဆုတ်ထဲကို အရောက်များမှာကြောက်လို့ မှောက်အိပ်ခိုင်းတယ်။ နောက်ထပ်နေရဦးမယ်တဲ့။ စကားကတော့ ကောင်းကောင်း မွန်မွန်ပြောနိုင်တယ်။ ကိုဗစ်နိုင်တင်း တလကုန်းဈေးမှာ ပထမဆုံးတွေ့တဲ့ အဖွားကြီးက အဲဒါကျနော့် အဖွားကြီး (အလုပ်ရှင်) ပဲ။ သူ့ဆီမှာ မနက် ၆ နာရီဆိုကျနော်အလုပ်ဆင်းတယ်။ ဒါပေမယ့် တယောက်တည်းမဟုတ်ဘူး။ နှစ်ယောက်ပေါ့။ သူနေမကောင်းဖြစ်ချင်တယ်ဆိုတာ ကြာပြီ။ သူလဲ သတိထားနေတာ။ ပါးစပ်ပိတ်တဲ့အခါလည်း ပိတ်တယ် (နှာခေါင်းစည်းတပ်တဲ့အခါလဲ တပ်တယ်) မပိတ်ဖြစ်တဲ့အခါလဲ မပိတ်ဖြစ်ဘူးပေါ့။ အဲဒါ သုံးရက်မြောက်တော့ ဆေးခန်းသွားပြတာ။ ညနေသွားပြတယ်။ ည ၁၀ နာရီကျတော့ သူ့ကိုလာခေါ်သွားရော။ ကျနော်တို့လဲ မသိဘူး။ နောက်နေ့လဲ ကျနော်တို့က အလုပ်ဆင်းပေးတယ်။ ညနေလဲကျရော သူဌေးမက ဒီလိုဖြစ်တယ်ဆိုတော့ ကျနော်တို့ကို လာခေါ်ရော။ကျနော်ရယ် ကျနော့်မိန်းမရယ် ကလေးရယ်၊ သုံးယောက်၊ ကျနော်နဲ့ အလုပ်လုပ်တဲ့သူနဲ့ သူ့မိန်းမရယ်။ စုစုပေါင်း ငါးယောက်လာခေါ်တာ။ နောက်တော့ ကျနော်တို့မှာ ပိုးတွေ့တယ်လို့ ပြောတယ်။ ကျနော့်ကို ဒီဘန်ကောက်ကဆေးရုံကို ပို့တာ”

ကိုအောင်ရွှေမှာ ဗိုင်းရပ်စ်ကူးထားပေမယ့် ဝေဒနာ ဆိုးဆိုးဝါးဝါး ခံစားရတာမရှိသေးပါဘူး။ သူ့ဇနီးဖြစ်သူနဲ့ ကလေးကတော့ သူတို့နေတဲ့နေရာမှာ ကျန်ခဲ့တယ်လို့ ပြောပါတယ်။ အခုလို ဂယက်ကြောင့် စမွတ် ဆာခွန်ခရိုင်က ပလပ်စတစ်စက်ရုံတရုံက စက်ရုံမှာအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၁၄ ယောက် ကို မနေ့က အင်္ဂနေ့ညနေမှာ ဘန်ကောက်မြို့ပြင်ကို ခေါ်သွားပြီး လမ်းဘေးမှာ စွန့်ပစ်ထားခဲ့ပါတယ်။ အဲဒီလူတွေထဲမှာ ခြောက်ယောက်က ထိုင်းနိုင်ငံကို တရားဝင် ရောက်နေတာဖြစ်ပြီး ကျန်တဲ့သူတွေက တရားဝင်နေထိုင်ခွင့် မရှိကြဘူးလို့ သိရပါတယ်။ သူတို့ကို အာဏာပိုင်တွေက အခုလောလောဆယ် ကွာရန်တင်း သီးခြားခွဲထားတဲ့ နေရာတစ်ခုမှာ ထားတယ်လို့ AAC အဖွဲ့က ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပြပါတယ်။

“လုပ်ငန်းရှင်ကနေပြီးတော့ တခြားနေရာမှာ အလုပ်သွားလုပ်မယ်ဆိုပြီး ခေါ်သွားတာ။ ထွက်သွားထဲက ကျနော်တို့ တောက်လျှောက်ဖုန်းဆက်တယ်။ ဒါပေမယ့် အဲဒီအလုပ်သမားတွေကိုလမ်းဘေးမှာ ထားထားတာ။ တအောင့်လောက်နေ လာခေါ်မယ်ဆိုပြီး ပစ်ထားခဲ့တာ။ ဘန်ကောက်နဲ့ ဒီမဟာချိုင်ဆိုရင် ကီလိုမီတာ ၁၅၀ လောက်မှာ ပစ်ထားခဲ့တာ။ ဒါ ညကတော့ သက်ဆိုင်ရာအလုပ်သမားဝန်ကြီးဌာနတွေ၊ ရဲစခန်းတွေကိုဖုန်းဆက်ပြီးတော့ အကူအညီတောင်းတော့ အဲဒီအလုပ်သမားတွေကို သက်ဆိုင်ရာ စစ်ဆေးပြီး ကွာရန်တင်းဝင်ခိုင်းထားတယ်လို့ ပြောတယ်ဗျ”

ဒီလိုဖြစ်နေတာနဲ့ပတ်သက်လို့ မြန်မာအလုပ်သမား သံအရာရှိတွေဖြစ်တဲ့ ဦးသူရိန်လင်းနဲ့ ဦးဝေမင်းအိမ် တို့ကို RFA က ဒီနေ့ညနေမှာ တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မနေ့ကတော့ အဲဒီသံအရာရှိတွေနဲ့ အလုပ်သမားတချို့တွေ့တာရှိတယ်လို့ AAC အဖွဲ့က ဦးခိုင်ကြီးက ပြောပါတယ်။

လက်ရှိမှာ စမွတ်ဆခွန်ခရိုင်က ကိုရိုနာဗိုင်းရပ်စ်ဟာ ဖူးခက်မြို့က လူတစ်ယောက်ဆီ ကူးစက်သွားပြီလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီနေ့ဖော်ပြထားပါတယ်။ ဒါပေမယ့် အဲဒီလူဟာ မြန်မာနိုင်ငံသားလို့တော့ သတင်းထဲမှာ တိတိကျကျ ရေးထားတာမတွေ့ရပါဘူး။

စမွတ်ဆခွန်ခရိုင်မှာ မြန်မာအလုပ်သမား တရားဝင်ရော တရားမဝင်ပါ ငါးသိန်းလောက် ရှိတယ်လို့ AAC အဖွဲ့က ဦးခိုင်ကြီးက ပြောပါတယ်။

RFA Burmese