ရိဒ်ရေကန်ကို ကြည့်ရှုနိုင်မည့် ရှုခင်းသာအသစ် ပြုလုပ်မည်

18-Oct-2020

ရိခေါဒါရ် အောက်တိုဘာ ၁၇

ချင်းပြည်နယ်၏ အမှတ်သင်္ကေတနှင့် အထင်ကရ နေရာဒေသတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၂၉၆၆ ပေရှိ တောင်ကုန်းပေါ်၌ သဘာဝ အတိုင်း ထူးခြားစွာ တည်ရှိသည့် အသည်းနှလုံးပုံ ရိဒ်ရေကန်ကြီးကို ကြည့်ရှုနိုင်မည့် ရှုခင်းသာနေရာ (View Point)အသစ် ပြုလုပ်နိုင်ရန် မြေနေရာရှာဖွေ တိုင်းတာခြင်းကို အောက်တိုဘာ ၁၆ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှုခင်းသာနေရာသစ်အတွက် မြေနေရာရှာဖွေ ရာတွင် ရိဒ်ရေကန်ကြီး၏ အနောက်တောင်ဘက်ရှိ ကုန်းမြင့် မြေနေရာတစ်ခုကို တိုင်းတာမှုများ ဆောင်ရွက်ခဲ့ပြီး အဆိုပါနေရာမှ ကြည့်ရှုလျှင် ရိဒ်ရေကန် ကြီးကို အသည်းနှလုံးပုံသဏ္ဌာန်အတိုင်း ထင်ရှား ပေါ်လွင်စွာ မြင်ရသလို ရေကန်ဘေးပတ်လည်ရှိ စပါးစိုက်ခင်း လယ်ယာမြေများ၊ ရိဒ်ရေကန်အနီးရှိ ရိခေါဒါရ်မြို့နှင့် ရိဒ်ပြည်ထောင်စုရိပ်သာ အဆောက်အအုံတို့ကို လည်း ထင်ရှားစွာ မြင်တွေ့နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ရိဒ်ရေကန် ရှုခင်းသာနေရာကို ချင်းပြည်နယ် ဒေသခရီးသွားလုပ်ငန်း ကော်မတီထံ ဘတ်ဂျက်တင်ပြတောင်းခံပြီး အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ရိဒ်ရေကန် ရှုခင်းသာအဖြစ် လက်ရှိအသုံးပြုနေသောနေရာသည်ရိဒ်ခေါဒါရ် အထကကျောင်းဝင်းအတွင်း တည်ရှိရာ ကျောင်းဖွင့်ချိန်နှင့် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဖြေဆိုချိန်များတွင် ပြင်ပလူများ  ဝင်ထွက်သွားလာရန် အဆင်မပြေခြင်းကြောင့် နေရာသစ်ကို ရှာဖွေရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေနေရာသစ် ရှာဖွေတိုင်းတာခြင်းကို ရိခေါဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့်အတူ မြို့စည်ပင်သာယာရေးအဖွဲ့၊ စည်ပင်သာယာရေးကော်မတီ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကွင်းဆင်းတွေ့ရှိမှုများကို သက်ဆိုင်ရာသို့ တင်ပြကာ View Point အကောင်အထည်ဖော်ခြင်းကို အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လာလ်ပက်လာမ်