ကိုရိုနာကပ်ဘေးကြောင့် စာမေးပွဲ မစစ်ဘဲ ဆရာအကဲဖြတ်စနစ် ကျင့်သုံးမည်

07-Jan-2021

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ဒီနှစ် တရားဝင်စာမေးပွဲတွေကို ကျောင်းသားတွေ ဖြေရမှာ မဟုတ်ဘူးလို့ ပညာရေးဝန်ကြီး ဂါဗင်ဝီလျံဆန်က ဇန်နဝါရီ ၆ ရက်မှာ ပြောလိုက်ပါတယ်။

ကျောင်းသား တယောက် ဘာသိလဲဆိုတာ ဆုံးဖြတ်ဖို့ အမျှတဆုံးနည်းလမ်းက စာမေးပွဲ ဆိုပေမဲ့ ကပ်ဘေးသက်ရောက်မှုကြောင့် ဒီနှစ်မှာ စာမေးပွဲကျင်းပဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်ရနေတယ်လို့ ဝန်ကြီးက လွှတ်တော်မှာ ပြောပါတယ်။

အဲဒီအစား ဆရာတွေက ကျောင်းသားတွေကို စစ်ဆေးပြီး သူတို့ ဘယ်အဆင့် ဘယ်အမှတ်ကို ရသင့်တယ်ဆိုတာ ဆုံးဖြတ်မယ်လို့လည်း သူက ဆက်ပြောပါတယ်။

 ကောလိပ်နဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေအတွက် စာမေးပွဲတွေကို ဆရာတွေက အကဲဖြတ် အမှတ်ပေးတဲ့ စနစ်နဲ့ အစားထိုးမယ်လို့ ဝန်ကြီးက ပြောပါတယ်။

အင်္ဂလန်နယ်ဟာ ဇန်နဝါရီ ၅ ရက်မှာ တတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ အသွားအလာ ထိန်းချုပ်ကန့်သတ်ချက် လော့ဒေါင်းကို ချမှတ်ကျင့်သုံးခဲ့ရလို့ ကျောင်းတွေနဲ့ ဆိုင်တွေကို ပိတ်ထားရပြီး  ပြည်သူတွေ အိမ်ထဲမှာပဲ နေဖို့ကိုလည်း အမိန့်ထုတ် ထားရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကြောင့် ကူးစက်မှု တိုးလာတဲ့အတွက် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ခြိမ်းခြောက်နေပါတယ်။

ဒီနှစ်မတိုင်ခင်က ကျောင်းသားတွေရဲ့အမှတ်ကို ဆုံးဖြတ်ရာမှာ ပြဿနာ ဖြေရှင်းနည်း ဖော်ထုတ်တဲ့စနစ်ကို မှီခိုခဲ့လို့ ပညာရေးဝန်ကြီးဟာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပါတယ်။

တချို့ ကျောင်းသားတွေ တက္ကသိုလ်ဝင်ခွင့် ထိခိုက်ခဲ့တဲ့အထိ မမျှတတဲ့ အမှားအယွင်းတွေ တွေ့အပြီးမှာ ဒီစနစ်ကို စွန့်ပစ်ဖို့ ဝန်ကြီးဟာ ဖိအားပေး ခံခဲ့ရပါတယ်။

အဲဒီအစား ဆရာတွေက ကျောင်းသားတွေရဲ့အမှတ်ကို စဉ်ဆက်မပြတ် အကဲခတ် အမှတ်ပေး စနစ်နဲ့ အစားထိုးခဲ့ပေမဲ့ ကျောင်းသားတွေကတော့ သူတို့ အမှတ်က နိမ့်လွန်းတယ်လို့ ခံစားခဲ့ကြရပါတယ်။

DVB News