Joe Biden ၄၆ ယောက်မြောက် အမေရိကန်သမ္မတဖြစ်လာ

21-Jan-2021

ရွေးကောက်ခံ သမ္မတ Joe Biden ဗုဒ္ဓဟူးနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီးတဲ့နောက် အမေရိကန်နိုင်ငံရဲ့၄၆ယောက်မြောက် သမ္မတ ဖြစ်လာပါတယ်။

အမေရိကန် သမ္မတ အဖြစ် အခြေခံ ဥပဒေကို ထိန်းသိမ်း လိုက်နာပြီး တိုင်းပြည်ကို ပြည်တွင်းပြည်ပ ရန်စွယ်ကနေ ကာကွယ်ပေး မယ့် အကြောင်း အမေရိကန် တရားရုံးချုပ် တရားသူကြီးချုပ် John Roberts ရှေ့မှောက်မှာ သမ္မာကျမ်းစာ ကိုင်ပြီး ကျမ်းသစ္စာ ကျိန် ဆိုခဲ့တာ ဖြစ်ပါတယ်။

အသက် ၇၈ နှစ် အရွယ်ရှိပြီး အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတ ဖြစ်လာသူ Joe Biden က အထက်လွှတ်တော် အမတ် အဖြစ် ၃၆ နှစ်နဲ့ ဒုတိယ သမ္မတ အဖြစ် ၈ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

Joe Biden ကျမ်းသစ္စာမကျိန်ဆိုမှီမှာ သူ့နဲ့ အတူ ရွေးချယ်ခံရတဲ့ Kamala Harris က ဒုတိယ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဒါကြောင့်Kamala Harrisက နှစ်ပေါင်း ၂၀၀ ကျော်ရှိတဲ့ အမေရိကန် သမိုင်းမှာ နိုင်ငံရဲ့ အာဏာ အမြင့်ဆုံးရယူနိုင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာ ပါတယ်။ Kamala Harris က လူမည်းနဲ့ အာရှသွေးရောသူလည်း ဖြစ်ပါတယ်။

ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ Joe Biden က ပြည်သူတွေရဲ့ ဆန္ဒကို ကြားကြရပြီ၊ ပြည်သူတွေရဲ့ လိုလားချက်တွေကို ဖြည့်ဆည်း ပေးနိုင် ခဲ့ပြီ၊ ဒီမိုကရေစီ ဆိုတာ သိပ်တန်ဖိုးရှိသလို ထိခိုက်လွယ်တဲ့အရာလည်း ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သင်ခန်းစာ ထပ်ပြီး ရခဲ့ကြ ပြီ၊ အခုအချိန်မှာတော့ ဒီမိုကရေစီက အောင်နိုင်ခဲ့ပါပြီလို့ ပြောပါတယ်။

“ဒီနေ့ဟာ အမေရိကန်တို့ရဲ့ နေ့ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ နေ့လည်း ဖြစ်ပါတယ်။ မျှော်လင့်ချက်တွေ၊ ပြန်လည်နိုးထမှုတွေနဲ့ သန္နိဋ္ဌာန် ခိုင်မာမှုကို ပြသတဲ့နေ့လည်း ဖြစ်ပါတယ်” လို့လည်း သမ္မတသစ် Joe Biden က ပြောပါတယ်။

အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ အစဉ်အလာအတိုင်း ကျင်းပတဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အမေရိကန် သမ္မတဟောင်း Barack Obama, George W. Bush နဲ့ Bill Clinton လည်း တက်ရောက်ခဲ့ပါတယ်။

ဒါပေမဲ့ ရာထူးကစွန့်ခွာခဲ့ရတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကတော့ နှစ်ပေါင်း ၁၅၂ နှစ် သက်တမ်းရှည်ကြာနေပြီဖြစ်တဲ့ အစဉ်အလာ ကို ချိုးဖောက်ပြီး သမ္မတသစ်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မတက်ရောက်ဘဲ နေခဲ့ပါတယ်။ ဒီပွဲကို တက်ရောက်မယ့်အစား မနက်ပိုင်းမှာ မြို့တော် ဝါရှင်တန် ဒီစီကနေ ဖလော်ရီဒါ ပြည်နယ်က သူ့စံအိမ်ဆီကို ထွက်ခွာသွားခဲ့ပါတယ်။

ဒုတိယ သမ္မတ Mike Pence က သမ္မတ ထရမ့် ရာထူးက မစွန့်ခွာခင် Andrews လေတပ်စခန်းမှာ နောက်ဆုံး နှုတ်ဆက် မိန့်ခွန်း ပြောကြားတဲ့ပွဲကို တက်ရောက်ခြင်း မရှိဘဲ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပါတယ်။

VOA News