မကွေးတိုင်းဒေသကြီး၌ ရေနံစိမ်းသယ်ယူခွင့်ဝန်ဆောင်ခများ ငါးနှစ်အတွင်း ငွေကျပ်၂၈၄၅၇ သန်းကျော်ရရှိ

30-Jan-2021

မကွေး ဇန်နဝါရီ ၂၉

မကွေးတိုင်းဒေသကြီးပြင်ပ ရေနံချက်ဖိုများသို့ ရေနံစိမ်း သယ်ယူခွင့်ဝန်ဆောင်ခများကို အစိုးရအဖွဲ့က ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လုပ်ပိုင်ခွင့်နှင့်အညီ ကောက်ခံခဲ့ရာ ငါးနှစ် အတွင်း ငွေကျပ် ၂၈၄၅၇ ဒသမ ၃၈၀ သန်းရရှိခဲ့ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ရေနံစည်ပေါင်း ၆၆ သိန်းကျော်(၆၆၆၂၄၁၀ စည်)ကို တိုင်းဒေသကြီးအစိုးရသယ်ယူခွင့်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ် ဇွန် ၂ ရက်မှစ၍ ဂါလန် ၅၀ ပါ ရေနံတစ်စည်ကို ငွေကျပ် ၃၀၀၀ နှုန်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ ငွေကျပ် ၅၀၀၀ နှုန်းဖြင့် သယ်ယူခွင့်ဝန်ဆောင်ခများ ကောက်ခံရာမှ ရရှိခြင်းဖြစ်သည်။

“ခွင့်ပြုထားတဲ့ လုပ်ကွက်တွေ၊ လုပ်ငန်းရှင်တွေ ဆီကပဲ ကောက်ပါတယ်။ တင်ပြလာတဲ့ သယ်ဆောင်ခွင့် မျှောတွေကို တရားဝင်လုပ်ကွက်ရတဲ့သူတွေရဲ့ နာမည်နဲ့ သူ့ရဲ့ကိုယ်စားလှယ်ပါမှ စိစစ်ထုတ်ပေးပါတယ်”ဟု သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်က အခွန်ကောက်ခံမှုနှင့်စပ်လျဉ်း၍ ရှင်းပြသည်။

နှစ်အလိုက် ဝန်ဆောင်ခကောက်ခံရရှိမှုမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေနံစည် ၄၇၀၀၀၀ ကျော်မှ ငွေကျပ် ၁၄၁၉ သန်းကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေနံစည် ၁၀ သိန်းကျော်မှ ငွေကျပ် ၃၁၀၂ သန်းကျော်၊ ၂၀၁၈ မီနီဘတ်ဂျက်တွင် ရေနံစည် ၉ သိန်းကျော်မှ ငွေကျပ် ၂၇၅၉ သန်းကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေနံစည် ၂၃ သိန်းကျော်မှ ငွေကျပ် ၁၁၇၃၇ သန်းကျော်၊ ၂၀၁၉- ၂၀၂ဝဘဏ္ဍာနှစ်တွင် ရေနံစည် ၁၉ သိန်းခန့်မှ ငွေကျပ် ၉၄၃၈ သန်းကျော် တို့ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရေနံလက်ရက်တွင်းတိမ် သက်တမ်းတိုးလုပ်ကွက် ၁၂ ကွက်ရှိပြီး လုပ်ကွက်အသစ်လျှောက်ထားမှုမှာ ၄၅ ကွက်ရှိကြောင်း၊ အဆိုပါလုပ်ကွက်များ ခွင့်ပြုချက်ရရှိရေး အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် EMP(Environmental Manage-ment Plan) ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရမှတ်တမ်းများအရ သိရသည်။

ဇေယျတု(မကွေး)