မန္တလေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလွတ်လပ်စွာဖြင့် ဆန္ဒမဲများပေး

09-Nov-2020

မန္တလေး နိုဝင်ဘာ ၈

၂၀၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ များကို ယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နံနက် ၆ နာရီမှ ညနေ ၄နာရီအထိ ကျင်းပရာ မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ အေးချမ်းလွတ်လပ် စွာဖြင့် ဆန္ဒမဲများ ပေးခဲ့ကြသည်။

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ၄၉၄၀၅၉၂ ဦးအတွက် မဲရုံပေါင်း ၅၄၄၇ ရုံဖွင့်လှစ်ထားရှိပြီး မန္တလေး ခရိုင် ၇ မြို့နယ်အတွင်း၌ မဲဆန္ဒရှင် ၁၂၇၅၃၇၀ အတွက် မဲရုံပေါင်း ၆၇၉ ရုံဖွင့်လှစ်ထားရှိသည်။ မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် နံနက်စောစော မဲရုံမဖွင့်မီ အချိန်ကတည်း ကပင် သတ်မှတ် မဲရုံအသီးသီးသို့ စိတ်ဝင်တစားလာရောက် စောင့်ဆိုင်းကာ မဲရုံစတင်ဖွင့်လှစ်သည်နှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ Social Distancing ပုံစံဖြင့် စနစ်တကျ တန်းစီစောင့်ဆိုင်းပြီး မဲပေးခဲ့ကြသည်။

“မဲပေးကြမယ့် ပြည်သူတွေက မဲရုံမဖွင့်မီ မနက် ၄ နာရီ ခွဲကတည်းက ကျွန်တော်တို့ မဲရုံရှေ့မှာ လာရောက် စောင့်ဆိုင်းနေကြတဲ့အပြင် ကျွန်တော်တို့ ရပ်ကွက်မှာ ကြိုတင်မဲပေးခွင့်ရှိတဲ့ အသက် ၆၀ ကျော်အရွယ် တစ်ထောင်ကျော်အနက် ၉၀၀ ကျော် ကြိုတင်မဲ ပေးခဲ့ကြတဲ့ အတွက်လည်း ဒီနေ့ကျင်းပတဲ့ ရွေးကောက်ပွဲအပေါ်မှာ ပြည်သူတွေ တက်တက်ကြွကြွနဲ့ စိတ်ဝင်စားမှုရှိတယ်လို့ ယူဆလို့ရပါတယ်။ လာရောက်မဲပေးကြတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် မဲရုံအတွင်းအပြင်မှာ မဲရုံဝန်ထမ်းနဲ့ လုံခြုံရေးအင်အား ၃၁ ဦး တာဝန်ချထားပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် KN-95 Mask တွေနဲ့ Face Shield တွေ ဖြန့်ဝေပေးပါတယ်။ မဲလက်မှတ်ထုတ်ဖို့ လက်မှတ်ထိုးတဲ့အခါမှာလည်း ရောဂါ ကူးစက်မှုမရှိအောင် ကျွန်တော်တို့အစီအစဉ်နဲ့ ဘောလ်ပင် တွေလည်း ဖြန့်ဝေပေးထားပါတယ်” ဟု ချမ်းအေးသာစံ မြို့နယ် ကဉ္စနမဟီ ရပ်ကွက်ရှိ မဲရုံအမှတ်(၄) တာဝန်ခံ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသိန်းနိုင်က ပြောသည်။

ထို့ပြင် မဟာအောင်မြေမြို့နယ်တွင်နေထိုင်ပြီး ပထမ ဆုံးအကြိမ်အဖြစ်လာရောက် မဲပေးသည့် မသန္တာခိုင်က လည်း “ကိုယ့်ကြိုက်တဲ့ပါတီကို လွတ်လွတ်လပ်လပ် ရွေးချယ်ပြီး မဲပေးခဲ့ရတဲ့အတွက် ပီတိဖြစ်ရပါတယ်။ ကျွန်မ တို့ အားကိုးယုံကြည်စွာမဲပေးခဲ့တဲ့ ပါတီအနိုင်ရခဲ့ရင်လည်း ပြည်သူတွေအားလုံးအတွက် အဆင်ပြေစွာ ဆောင်ရွက်ပေး နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ မဲရုံအဝင်မှာ အပူချိန်တိုင်း ပြီး KN-95 Mask တွေအခမဲ့ပေးတဲ့အပြင် မဲရုံအတွင်း မှာလည်း ရောဂါမကူးစက်အောင်စနစ်တကျစီစဉ်ပေးထားတဲ့အတွက် ဘေးကင်း လုံခြုံမှုရှိတယ်လို့ ခံစားရပါတယ်။ မဲပေးပြီးအပြန်မှာ မင်စွန်းနေတဲ့ ကိုယ့်လက်သန်းလေး ကိုကြည့်ပြီး နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန် ကျေပွန်ခဲ့လို့ ဂုဏ်ယူမိပါတယ်”ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် မြို့နယ်အသီးသီးရှိမဲရုံများသို့ သက်ဆိုင် ရာ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ကျန်းမာရေးဌာနတာဝန်ရှိသူများက လာရောက်ကြည့်ရှုပြီး မဲပေးကြသည့် မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျမဲပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတ်မှတ်ထားသည့် ညနေ၄နာရီတွင် မဲရုံပိတ်သိမ်း ပြီး မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များက မဲပုံးများကို သက်ဆိုင် ရာ ကိုယ်စားလှယ်များရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေး ကြပြီး စနစ်တကျ မှတ်တမ်းရေးသွင်းကြသည်။

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း ပါတီပေါင်း ၁၉ ခု နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၁၆ ဦး တို့က ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ၂၈ နေရာအတွက် ၁၃၈ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၀ နေရာအတွက် ၄၁ ဦး၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၁၃၂ ဦး၊ တိုင်း ဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၁၃၁ ဦးနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်နေရာ အတွက် ၄ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၄၆ ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်