အမေရိကန် အာကာသယာဉ်မှူး ၂၀၂၀ သမ္မတရွေးကောက်ပွဲကို အာကာသအတွင်းမှ မဲပေးမည်

28-Sep-2020

ဝါရှင်တန် စက်တင်ဘာ ၂၇

နာဆာအဖွဲ့ မှ အာကာသယာဉ်မှူး ကိတ်ရူဘင်စ်က ကမ္ဘာမြေမျက်နှာပြင်အထက် မိုင် ၂၀၀ ကျော်ကွာဝေးသည့် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှ ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဆန္ဒမဲထည့်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

“လူတိုင်းအတွက် ဆန္ဒမဲထည့်ဖို့ အလွန် အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်။ ကျွန်မတို့တောင် အာကာသထဲကနေ ဆန္ဒမဲ ထည့်နိုင်ရင် ကမ္ဘာမြေပေါ်က လူသားတွေက ဆန္ဒမဲထည့်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ၎င်းက ပြောသည်။ လက်ရှိတွင် အခြား အာကာသယာဉ်မှူးနှစ်ဦးနှင့်အတူ ရုရှားနိုင်ငံ စတားမြို့တော်၌ ရှိနေသည့် ရူဘင်စ်က အောက်တိုဘာလတွင် အာကာသအတွင်းသို့ ခရီးစဉ်သွားရောက်ရန် စီစဉ်နေပြီး အပြည်ပြည်ဆိုင်ရာ အာကာသစခန်း၌ ခြောက်လကြာ နေထိုင်မည်ဖြစ်သည်။

အာကာသအတွင်းမှနေ၍ မဲပေးခွင့် အဆုံးရှုံးခံမည်မဟုတ်ဟု ၎င်းက ဆိုသည်။ဒီမိုကရေစီစနစ်မှာ ပါဝင်ဖို့ အရေးကြီးပါတယ်။ အာကာသအတွင်းကနေ ဆန္ဒမဲထည့်တာ ဂုဏ်ပြုမှု တစ်ခုလို့ ကျွန်မတို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။ အမေရိကန်နိုင်ငံမှ အာကာသယာဉ်မှူးအများစုက ဟူစတန်မြို့၌ နေထိုင်ပြီး ရွေးကောက်ပွဲဥပဒေအရ အာကာသယာဉ်မှူးများကို အာကာသအတွင်းမှ ဆန္ဒမဲထည့်ခွင့်ပြုထားသည်။

၂၀၁၆ ခုနှစ်ကလည်း အာကာသယာဉ်မှူး ရူဘင်စ်နှင့် ရှိန်းကင်ဘရော့ဂ်တို့က သမ္မတ ရွေးကောက်ပွဲ၌ အာကာသအတွင်းမှ ဆန္ဒမဲ ထည့်ခဲ့ကြသည်။

ကိုးကား - နယူးယောက်ပို့စ်

ဘာသာပြန် - ကျော်ထိုက်စိုး