ဘိုင်ဒန် အမေရိကန်ရွေးကောက်ပွဲနိုင်ရတဲ့ အကြောင်းရင်း ငါးချက်

19-Nov-2020

ကိုရိုနာ ကပ်ရောဂါ အခြေအနေအရ မဲဆွယ်မှု ထိန်းထိန်းသိမ်းသိမ်းလုပ်တာ၊ ထရမ့်ကလွဲလို့ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် မဲပေးလိုက်မယ်ဆိုတဲ့ သဘောထား၊ လက်ယာ လက်ဝဲမယိမ်းတာနဲ့ မဲဆွယ်စရိတ် လောက်သွားတာတွေကြောင့်လား

နိုင်ငံရေးလောက ပြည်သူ့ဝန်ထမ်းဘဝနဲ့ အနှစ် ငါးဆယ်လောက် ကျင်လည်ခဲ့ပြီး ဘဝတစ်လျှောက်လုံး အမေရိကန်သမ္မတဖြစ်ဖို့လည်း မျှော်မှန်းခဲ့တဲ့ ဂျိုးဘိုင်ဒန်ဟာ အမေရိကန် အိမ်ဖြူတော်မှာ သမ္မတဖြစ်လာတော့မှာ ဖြစ်ပါတယ်။

သူ အခုလို သမ္မတဖြစ်လာဖို့အတွက် မဲဆွယ်စည်းရုံးမှုတွေကို ရာစုနှစ်တစ်ခုအတွင်းမှာမှ တစ်ကြိမ်ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ကမ္ဘာတလွှား ဖြစ်ပွားနေတဲ့ ကာလနဲ့ အမေရိကန်မှာ မကြုံစဖူး လူမှုရေး မတည်မငြိမ် အုံကြွမှုတွေ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတလောင်းအဖြစ် တတိယအကြိမ် ဝင်ရောက်အရွေးခံမှုကျမှ ဂျိုးဘိုင်ဒန် အခုလို သမ္မတဖြစ်လာရတဲ့ အကြောင်းရင်း ငါးချက်ကတော့

• ၁။ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ နောက်ခံအခြေအနေ

• ၂။ ကိုဗစ် အခြေအနေအရ မဲဆွယ်မှု ထိန်းထိန်းသိမ်းသိမ်းလုပ်ခြင်း

• ၃။ မဲပေးသူတွေဘက်က ထရမ့်ကလွဲလို့ ဘယ်သူ့ပဲဖြစ်ဖြစ် မဲပေးမယ် ဆိုပြီး သဘောထားသူတွေ ရှိနေခြင်း

• ၄။ နိုင်ငံရေးအရ လက်ဝဲစွန်း လက်ယာစွန်း မရောက်စေဘဲ အလယ်အလတ် လမ်းစဉ်လိုက်ခြင်း

• ၅။ မဲဆွယ်စည်းရုံးရေး စရိတ် လောက်လောက်ငှငှ ဖြစ်သွားခြင်း

တို့ ဖြစ်ပါတယ်။

၁။ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ နောက်ခံအခြေအနေ

အမေရိကန်နိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေတဲ့ နောက်ခံ အခြေအနေဟာ ဘိုင်ဒန် ဘယ်လိုမှ မတတ်နိုင်တဲ့ အခြေအနေ ဖြစ်တယ် ဆိုပေမဲ့ ဒီအခြေအနေကြောင့်ပဲ အဓိက ဘိုင်ဒန်က အနိုင်ရသွားတယ်လို့ ပြောလို့ရတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေကြောင့် အခုအချိန်မှာ အမေရိကန်နိုင်ငံမှာ သေဆုံးသူ နှစ်သိန်းခွဲ ကျော်သွားခဲ့ရုံသာမက ၂၀၂၀ ခုနှစ်အတွင်း အမေရိကန် လူမှုဘဝနဲ့ နိုင်ငံရေး အခင်းအကျင်းကိုလည်း ပုံစံပြောင်းလဲစေခဲ့ပါတယ်။

ဒီကပ်ရောဂါအခြေအနေရဲ့ အခုလို သက်ရောက်မှုကို ဒေါ်နယ်ထရမ့်ကလည်း အသိအမှတ်ပြုခဲ့ပုံရပြီး သတင်းမှားတွေ ထုတ်လွှင့်နေတဲ့ သတင်းဌာနတွေ ရှိနေတဲ့အလျောက် အားလုံးက ကိုဗစ်… ကိုဗစ် တွေပဲ ဖြစ်နေတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်မှု ပြီးဆုံးကာနီး ရက်တွေအတွင်းမှာ သူအခုလို ပြောဆိုခဲ့တဲ့ ဝစ္စကွန်ဆန်ပြည်နယ်မှာ ကူးစက်မှုနှုန်းတွေကတော့ တကယ်လည်း ထိုးတက်နေခဲ့တာ ဖြစ်ပါတယ်။

သတင်းဌာနတွေရဲ့ ကိုဗစ် အခြေအနေအပေါ် အာရုံစိုက်မှုက လူထုကို စိုးရိမ်မှုတွေ တိုးလာစေတယ် ဆိုတာထက် တကယ့်အခြေအနေကို ထင်ဟပ်တဲ့ ဖော်ပြမှုတွေလို့ဆိုနိုင်ပါတယ်။

ဒီလိုဖော်ပြမှုတွေကြောင့်လည်း ဒေါ်နယ်ထရမ့်က အဲဒီ အခြေအနေကို ကောင်းကောင်း မကိုင်တွယ်နိုင်မှုကို ထင်ဟပ်နေသလို ဖြစ်သွားပြီး သူ့ကို ထောက်ခံမှု ရာခိုင်နှုန်းကိုလည်း ကျဆင်းစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ရွေးကောက်ပွဲ မစခင် တစ်လအလို အောက်တိုဘာလအတွင်း Pew သုတေသနရဲ့ လူထုသဘောထား ကောက်ခံမှုအရ ကိုဗစ်အခြေအနေကို ကိုင်တွယ်နိုင်စွမ်းနဲ့ ပတ်သက်လာရင် ဘိုင်ဒန်က ထရမ့်ထက် ၁၇ ရာခိုင်နှုန်း လူထုယုံကြည်မှု ပိုရခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေရဲ့ သက်ရောက်မှုနဲ့အတူ နောက်ဆက်တွဲ စီးပွားရေး ကျဆင်းမှုကြောင့် ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး အဓိက သတင်းစကားဖြစ်တဲ့ တိုးတက်ရေးနဲ့ ကြွယ်ဝရေး အခြေခံမှုတွေကိုလည်း ရိုက်ခတ်ခဲ့ရပါတယ်။

ဂဲလက်ပ် လူထုသဘောထား စစ်တမ်း ကောက်ယူရေး အဖွဲ့အစည်းရဲ့ လေ့လာမှုအရဆိုရင် ပြီးခဲ့တဲ့ လပိုင်းအတွင်း ကောက်ယူမှုတစ်ခုမှာ ဒေါ်နယ်ထရမ့်အပေါ် ထောက်ခံမှုက ၃၈ ရာခိုင်နှုန်းအထိ ကျသွားခဲ့တာကို တွေ့ရပြီး ဘိုင်ဒန်ရဲ့ မဲဆွယ်စည်းရုံးမှုတွေကလည်း ဒါကို အသုံးချနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

၂။ ကိုဗစ် အခြေအနေအရ မဲဆွယ်မှု ထိန်းထိန်းသိမ်းသိမ်း လုပ်ခြင်း

ဘိုင်ဒန် နိုင်ငံရေး လုပ်လာတဲ့ ကာလတစ်လျှောက်မှာ စကားပြောမှားလို့ ပြဿနာ တက်ရလေ့ရှိတယ်ဆိုပြီး အများယူဆရလောက်အောင် တကယ်လည်း အမှားမှား အယွင်းယွင်း ဖြစ်မှုတွေ ရှိခဲ့ပါတယ်။

သူ့ရဲ့ အခုလို စကားပြောမှားမှုတွေကြောင့် သူ ပထမဆုံးအကြိမ် သမ္မတလောင်းအဖြစ် အရွေးခံတဲ့ ၁၉၈၇ ခုနှစ်မှာ အဆင်မပြေဖြစ်ခဲ့ပြီး ၂၀ဝ၇ ခုနှစ် ထပ်ပြီး အရွေးခံပြန်တော့လည်း ဒီလို အပြောချော်မှုတွေကြောင့်ပဲ မအောင်မမြင် ဖြစ်ခဲ့ရပြန်ပါတယ်။

အခုလက်ရှိ ဘိုင်ဒန် အနိုင်ရခဲ့တဲ့ သူ့ရဲ့ တတိယအကြိမ် သမ္မတလောင်းအဖြစ် အရွေးခံမှုမှာဆိုရင်လည်း သူရောက်ရှိ စကားပြောနေတဲ့ ပြည်နယ်ရဲ့ အမည်ကို မှားယွင်းပြောဆိုမှု အစရှိတဲ့ အပြောချော်မှုတွေ ရှိခဲ့တာပဲ ဖြစ်ပေမဲ့ ယခင်လို ခဏခဏ ဖြစ်တာ မဟုတ်တဲ့အတွက် ကြာကြာ ဝေဖန်မခံရတဲ့ ရေတိုပြဿနာ လောက်သာ ဖြစ်ခဲ့ပါတယ်။

ဘိုင်ဒန်ဟာ နိုင်ငံရေးလောကမှာ ရာစုနှစ်ဝက် တစ်ခုလောက် ကြာတဲ့အထိ လုပ်ကိုင်ခဲ့တာကြောင့် သတင်းတွေမှာ ဖော်ပြထားတဲ့ သူအမှားအယွင်း ဖြစ်ခဲ့တာတွေက အတော်များခဲ့တယ်လို့ ယူဆချင်စရာ ဖြစ်ပေမယ့် ဒီတကြိမ်သူ့ရဲ့ သမ္မတအရွေးခံမှု ကာလအတွင်းမှာတော့ ကိုဗစ် အခြေအနေ အပါအဝင် ဂျော့ဖလွိုက် ရဲကြောင့် သေဆုံးမှုကို ဆန္ဒပြရာက အစပြုတဲ့ အမေရိကန် လူထုဆန္ဒပြတွေနဲ့ စီးပွားရေး မပြေလည်ရမှုတွေဘက်ကို တစ်နိုင်ငံလုံးက ပိုပြီး အာရုံကျနေခဲ့ပါတယ်။

ဒါပေမဲ့ ဘိုင်ဒန်ရဲ့ မဲဆွယ်ကာလအတွင်း လူထုနဲ့ ထိတွေ့မှုကို ကန့်သတ်တဲ့ နည်းဗျူဟာကိုသုံးတဲ့ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကိုလည်း အသိအမှတ်ပြုရမှာဖြစ်ပြီး ဒီလို လုပ်တဲ့အတွက် ပင်ပန်းနွမ်းနယ်မှုနဲ့ ဂရုမထားမှုတွေကြောင့် ဖြစ်တတ်တဲ့အမှားတွေကိုလည်း နည်းသွားအောင် လုပ်ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။

လက်ရှိ ဖြစ်နေတဲ့ ကိုဗစ် အခြေအနေ မရှိလို့ အမေရိကန်ပြည်သူတွေမှာ ဒီဗိုင်းရပ်စ် အန္တရာယ်ကြောက်ရတဲ့ အနေအထားသာ မရှိဘူးဆိုရင် အခုလို နည်းဗျူဟာက ပြောင်းပြန် အကျိုးသက်ရောက်မှုတောင် ဖြစ်သွားနိုင်ပြီး ဘိုင်ဒန် ပုန်းနေတယ်လို့ ပြောလေ့ရှိတဲ့ ထရမ့်ရဲ့ ပြောဆိုစည်းရုံးမှုတွေကြောင့် ပိုဆိုးသွားနိုင်ပါတယ်။

သမ္မတကိုယ်စားလှယ်လောင်း နှစ်ယောက်ယှဉ်ပြိုင်ကြတယ် ဆိုတာထက် ဒေါ်နယ်ထရမ့်ကို သမ္မတအဖြစ် ဆက်ထား မထား လူထုဆန္ဒခံယူပွဲအသွင် ဒီမိုကရက်တွေက ပြောင်းလဲ တင်ပြ မဲဆွယ်

၃။ မဲပေးသူတွေဘက်က ထရမ့်ကလွဲလို့ ဘယ်သူ့ပဲဖြစ်ဖြစ် မဲပေးမယ် ဆိုပြီး သဘောထားသူတွေ ရှိနေခြင်း

ဘိုင်ဒန်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ဟာ ရွေးကောက်ပွဲမလုပ်ခင် တစ်ပတ်အလိုမှာ သူတို့ မဲဆွယ်စည်းရုံးတဲ့ နောက်ဆုံးတီဗီကြော်ငြာတစ်ခုကို ထုတ်လွှင့်စေခဲ့ပြီး အဲဒီ ကြော်ငြာက ပေးတဲ့ သတင်းစကားဟာ ဘိုင်ဒန် ပြီးခဲ့တဲ့နှစ် သြဂုတ်လက သူသမ္မတလောင်းအဖြစ် စတင် အရွေးခံအပြီး ပြောတဲ့ မိန့်ခွန်းရဲ့ သတင်းစကားနဲ့ သူ့ရဲ့ မဲဆွယ်အဖွဲ့ မနှစ်က မဲဆွယ်မှု စတဲ့အချိန်မှာ ပြောတဲ့ သတင်းစကားတို့နဲ့ သိသိသာသာ တူညီနေခဲ့တာကို တွေ့ရပါတယ်။

အဲဒီ သတင်းစကားကတော့ ရွေးကောက်ပွဲဆိုတာ အမေရိကန်ရဲ့ အသက်ဝိဉာဉ်အတွက် တိုက်ပွဲဝင်တာ ဖြစ်တယ်ဆိုတဲ့ အပြောဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လေးနှစ် ထရမ့်လက်အောက်က အမေရိကန်နိုင်ငံအတွင်း ပြည်သူအချင်းချင်း သဘောထားကွဲလွဲမှု ကြီးမားလာတာတွေ၊ ရှုပ်ထွေးမှုတွေ များလာတာတွေကို ကျော်ဖြတ်ဖို့အတွက် ဒီရွေးကောက်ပွဲက အခွင့်အရေး တစ်ရပ် ဖြစ်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ဘိုင်ဒန် ဒီလိုပြောရတာဟာ ဒေါ်နယ်ထရမ့်က အချင်းချင်း ကွဲပြားမှု ကြီးမားစေပြီး၊ ရန်လည်းများစေတဲ့ လုပ်ရပ်တွေ လုပ်နေတာကြောင့် အမေရိကန်ပြည်သူတွေက ထရမ့်ထက်ပိုတည်ငြိမ်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်တတ်တဲ့ ခေါင်းဆောင်ကို လိုလားနေတယ် ဆိုတဲ့ ယူဆချက်ဘက်ကို ပုံအောပြီး ဒီလို ယူဆသူတွေ များတဲ့အတွက် သူအနိုင်ရ နိုင်ခြေ များတယ်ဆိုပြီး အရဲစွန့်လိုက်ရတာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ဘိုင်ဒန်ရဲ့ ဒီမိုကရက်တွေအနေနဲ့ ဆိုရင်လည်း ဒီရွေးကောက်ပွဲရဲ့ အခင်းအကျင်းကို ပြည်သူကို တင်ပြရာမှာ သမ္မတကိုယ်စားလှယ်လောင်း နှစ်ယောက်ယှဉ်ပြိုင်ကြတယ် ဆိုတာထက် ဒေါ်နယ်ထရမ့်ကို သမ္မတအဖြစ် ဆက်ထား မထား လူထုဆန္ဒခံယူပွဲအသွင် ပြောင်းလဲ တင်ပြမှု အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဘိုင်ဒန်ကို အောင်နိုင်စေတဲ့ သတင်းစကားကတော့ သူ ထရမ့်မဟုတ်ဘူးဆိုတဲ့ ရှင်းလင်းလှတဲ့ သတင်းစကားပဲလို့ ဆိုနိုင်ပါတယ်။

၄။ နိုင်ငံရေးအရ လက်ဝဲစွန်း လက်ယာစွန်း မရောက်စေဘဲ အလယ်အလတ် လမ်းစဉ်လိုက်ခြင်း

ဒီမိုကရက်တစ်ပါတီအတွင်း သမ္မတလောင်း အဖြစ် အပြိုင်အဆိုင် အရွေးခံကြချိန်မှာ ဘိုင်ဒန်နဲ့ အဓိက အပြိုင်အဆိုင် ဖြစ်ကြတဲ့ဘက်ကတော့ နိုင်ငံရေးအရ လက်ဝဲဆန်တဲ့ဘက်က ဖြစ်ပါတယ်။

အဓိကအားဖြင့် ဘာနီ ဆန်းဒါးနဲ့ အဲလိဇဘက် ဝါရန်တို့ ဖြစ်ပြီး သူတို့ နှစ်ဦးစလုံးမှာ ရန်ပုံငွေ ရရှိမှုကောင်းပြီး စည်းစနစ်လည်းကျတဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့တွေ ရှိကြရာမှာ သူတို့ မဲဆွယ်မိန့်ခွန်းပြောပြီ ဆိုရင်လည်း ရော့ခ်ဂီတ ဖျော်ဖြေပွဲလောက် လူတွေ အများကြီး လာရောက် နားထောင်ခဲ့ကြပါတယ်။

အခုလို အားကောင်းတဲ့ လက်ဝဲယိမ်း ဒီမိုကရက်အုပ်စုတွေရဲ့ ဖိအားတွေရှိခဲ့ပေမဲ့ ဘိုင်ဒန်ဟာ အလယ်အလတ် လမ်းစဉ်အတိုင်းပဲ တစိုက်မတ်မတ် ကျင့်သုံး မဲဆွယ်ခဲ့ပါတယ်။

ဒီလို မဲဆွယ်ရာမှာ လူတိုင်းအတွက် ကျန်းမာရေး ဝန်ဆောင်မှုကို အစိုးရက ဦးဆောင်ဖို့၊ ကောလိပ်ပညာရေးကို အခမဲ့ သင်ပေးဖို့နဲ့ ချမ်းသာကြွယ်ဝသူတွေကို အခွန် တိုးကောက်ဖို့ အစရှိတဲ့ လက်ဝဲယိမ်းတဲ့ မဲဆွယ်မှုတွေကို ဘိုင်ဒန်က မလုပ်ခဲ့ပါဘူး။

ဘိုင်ဒန်ရဲ့ အခုလို ရွေးချယ်မှုကြောင့် ဒီမိုကရက်ထောက်ခံတဲ့ အလယ်အလတ် သဘောထားရှိသူ ပြည်သူတွေကို ထိထိမိမိ ဆွဲဆောင်နိုင်ခဲ့တဲ့အပြင် ကိုယ့်ပါတီကိုယ် စိတ်ပျက်နေကြတဲ့ ရီပတ်ဘလီကန်တွေကိုပါ ဒီမိုကရက်ဘက် ယိမ်းသွားအောင် ဆွဲဆောင်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

သူ့ရဲ့ အခုလို အလယ်အလတ် လမ်းစဉ်လိုက်ဖို့ ရွေးချယ်မှု နည်းဗျူဟာ ဒုသမ္မတရွေးရာမှာလည်း ရောင်ပြန်ဟပ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ပါတီအတွင်းက လက်ဝဲယိမ်းတဲ့ အုပ်စုရဲ့ ထောက်ခံမှု များများရထားသူကို ရွေးချယ်မယ့်အစား သူ့လိုပဲ လက်ဝဲဘက် မယိမ်းတဲ့ ကမာလာ ဟဲရစ်စ် ကို ဘိုင်ဒန်က ရွေးတာကို ကြည့်ရင် သိနိုင်ပါတယ်။

ဘိုင်ဒန်ရဲ့ မူဝါဒတွေမှာ ဆန်းဒါးနဲ့ ဝါရန်တို့နဲ့ နီးစပ်တယ်လို့ ဆိုနိုင်တဲ့ ကဏ္ဍကတော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အလေးထားမှုနဲ့ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု တားဆီးရေးကိစ္စတွေမှာ ဖြစ်ပါတယ်။

ဒီလို လက်ဝဲယိမ်းတဲ့ ဒီမိုကရက်တွေရဲ့ မူဝါဒနဲ့ နီးစပ်တယ် ဆိုတာကလည်း ပညာတတ် လူငယ်တွေရဲ့ ထောက်ခံမှုရရေးအတွက် ဘိုင်ဒန်က ဦးစားပေးလိုက်တယ်လို့ ပြောနိုင်ပါတယ်။

ဒီမိုကရက်နဲ့ ရီပတ်ဘလီကန်တို့ သူမသာ ကိုယ်မသာ ရှိနေကြတဲ့ ပြည်နယ်တချို့က သမားရိုးကျ စွမ်းအင် မှီခိုရသူတွေဟာ သဘာဝ ပတ်ဝန်းကျင် အလေးထားပြီး ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုအပေါ် သက်ရောက်စေတဲ့ သမားရိုးကျ စွမ်းအင် အသုံးပြုမှုကို ကန့်သတ်မယ့် မူဝါဒတွေကို လိုလားမှာ မဟုတ်ပေမဲ့ သူတို့ပေးမယ့် မဲထက် လူငယ်တွေ ပေးမယ့်မဲကို ဘိုင်ဒန်က ဦးစားပေးတာလို့လည်း သုံးသပ်နိုင်ပါတယ်။

ရွေးကောက်ပွဲ မစခင် တစ်လအလို အောက်တိုဘာလ အရောက်မှာတော့ ဘိုင်ဒန်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ ရန်ပုံငွေ ရရှိမှုက ထရမ့်ဘက်ကထက် အမေရိကန်ဒေါ်လာ ၁၄၄ သန်းတောင် ပိုရလာခဲ့

၅။ မဲဆွယ်စည်းရုံးရေး စရိတ် လောက်လောက်ငှငှ ဖြစ်သွားခြင်း

၂၀၂၀ နှစ်အစပိုင်းမှာ ဘိုင်ဒန်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ ရန်ပုံငွေ ရရှိမှု အခြေအနေက ဒေါ်နယ်ထရမ့်နဲ့ယှဉ်ရင် သိသိသာသာ မကောင်းခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၀ ဧပြီလ လောက်ကစပြီး ဘိုင်ဒန်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ ရန်ပုံငွေ ရရှိမှုက သိသိသာသာ ကောင်းလာခဲ့ရာမှာ နောက်ပိုင်း ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ ရန်ပုံငွေ ရရှိမှုထက် အများကြီး သာသွားခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။

ရွေးကောက်ပွဲ မစခင် တစ်လအလို အောက်တိုဘာလ အရောက်မှာတော့ ဘိုင်ဒန်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ ရန်ပုံငွေ ရရှိမှုက ထရမ့်ဘက်ကထက် အမေရိကန်ဒေါ်လာ ၁၄၄ သန်းတောင် ပိုရလာခဲ့ပါတယ်။

ဒီလို ပိုရလာခဲ့တဲ့အတွက် ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း နှစ်ဖက်အကြိတ်အနယ်ရှိနေတဲ့ ပြည်နယ်တွေ အားလုံးနီးပါးမှာ ဘိုင်ဒန်ကို မဲထည့်ဖို့ မဲဆွယ် တီဗီကြော်ငြာတွေ ရီပတ်ဘလီကန်ထက် များများထည့်ခြင်းအားဖြင့် မီဒီယာမှာ လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီလို မဲဆွယ်ရန်ပုံငွေ ရရှိဖို့က အရေးအကြီးဆုံးလို့တော့ ပြောလို့မရဘဲ ပြီးခဲ့တဲ့ ၂၀၁၆ အမေရိကန် အထွေထွေ ရွေးကောက်ပွဲမှာဆိုရင် ဟီလာရီ ကလင်တန်က မဲဆွယ်ရန်ပုံငွေ ကျပ်တည်းခဲ့တဲ့ ဒေါ်နယ်ထရမ့်ထက် သိသိသာသာ ရန်ပုံငွေ ပိုရတဲ့ကြားက ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ၂၀၂၀ အမေရိကန် အထွေထွေ ရွေးကောက်ပွဲမှာကတော့ အမေရိကန်နိုင်ငံတလွှားက ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် လူကိုယ်တိုင် မဲဆွယ်စည်းရုံးမှုရော၊ လူကိုယ်တိုင် လာရောက်နားထောင်မှုပါ အကန့်အသတ်ရှိခဲ့တဲ့အတွက် လူတွေ အိမ်တွင်းမှာ တီဗီကြည့်တာ ပိုများလာတဲ့ နောက်ခံ အခြေအနေကို ရန်ပုံငွေ ပိုရနေတဲ့ ဘိုင်ဒန်က နောက်ဆုံးအချိန်အထိ မီဒီယာတွေကတစ်ဆင့် သူ့ကို မဲပေးကြဖို့ ကျယ်ကျယ်ပြန့်ပြန့် လူအများဆီရောက်အောင် တောက်လျောက်လုပ်ခြင်းအားဖြင့် အသုံးချနိုင်ခဲ့ပါတယ်။

ဒီလို အသုံးချနိုင်ခဲ့လို့လည်း ပုံမှန်အားဖြင့် ထောက်ခံမှုရဖို့ ခက်နိုင်တယ်လို့ ယူဆချင်စရာရှိတဲ့ တက္ကဆက်၊ ဂျော်ဂျီယာ၊ အိုဟိုင်းယိုးနဲ့ အိုင်အိုဝါ ပြည်နယ်တွေမှာ ဘိုင်ဒန်က ထောက်ခံမဲ မထင်မှတ်ဘဲ ပိုရခဲ့လို့ ဆိုနိုင်ပါတယ်။

အိုဘားမားက ၂၀ဝ၈ ရော ၂၀၁၂ အမေရိကန် အထွေထွေ ရွေးကောက်ပွဲ နှစ်ခုစလုံးမှာပဲ အနိုင်မရခဲ့ဘဲ ပြီးခဲ့တဲ့ ၂၀၁၆ မှာလည်း ဒေါ်နယ်ထရမ့်က ဟီလာရီ ကလင်တန်ထက် သိသိသာသာ ၅ ရာခိုင်နှုန်း မဲပိုရပြီး နိုင်ခဲ့တဲ့ ဂျော်ဂျီယာပြည်နယ်မှာဆိုရင် ဒီတစ်ခေါက်မှာ ဘိုင်ဒန်က ထရမ့်ကို ဝ.၃ ရာခိုင်နှုန်း မဲအသာနဲ့ ကပ်ပြီး အနိုင်ရနေတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ဂျော်ဂျီယာလိုပဲ ဒီမိုကရက်တွေ ရွေးကောက်ပွဲ သုံးခု ဆက်တိုက် အနိုင်မရခဲ့ဘဲ ရီပတ်ဘလီကန်တွေ အပိုင်လို့တွက်ထားနေကျဖြစ်တဲ့ အရီဇိုးနားပြည်နယ်မှာ ဆိုရင်လည်း အခုလိုပဲ ဘိုင်ဒန်က ထရမ့်ကို ဝ.၃ ရာခိုင်နှုန်း မဲအသာနဲ့ ကပ်ပြီး အနိုင်ရနေတာကို တွေ့ရပါတယ်။

၂၀၂၀ အမေရိကန် အထွေထွေ ရွေးကောက်ပွဲမှာ နိုဝင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံး မဲရေတွက် ပြီးစီးမှု အရ ပြည်နယ် အားလုံးမှာ အနည်းဆုံး မဲ ၉၀ ရာခိုင်နှုန်း ရေတွက်ပြီးစီးထားပြီး အဲဒီ ရလဒ်အရ ဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ်ပါတီက ပြည်နယ် ၂၆ ခုနဲ့ သမ္မတရွေးချယ်ရေးအဖွဲ့မဲ ၃၀၆ မဲအထိ ရနိုင်ခြေ ရှိနေပါတယ်။

Crd BBC News

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲမှာ ဘာလို့ ရှုံးသွားတာလဲ