အင်းစိန်(မင်းကြီးလမ်း)ခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီး

23-Oct-2020

ရန်ကုန်   အောက်တိုဘာ   ၂၂

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်(မင်းကြီး လမ်း)ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းများ ယခုအခါ  ၉၀  ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း တံတား တည်ဆောက်ရေးစီမံကိန်းကို  တာဝန်ယူ ဆောင်ရွက်လျက်ရှိသော မြန်မာ့မီးရထား အင်ဂျင်နီယာမှူး(မြို့ပြ/တံတားပေါင် အလုပ်ရုံ) ဦးမောင်ချိုထံမှ  သိရသည်။

ကိုဗစ်-၁၉  ရောဂါ  ကူးစက်ပျံ့နှံ့ဆဲ ကာလတွင်  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက  ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ တည်ဆောက် ရေးလုပ်ငန်းများအား   ဆိုင်းငံ့ထားခဲ့ပြီး သက်ဆိုင်ရာမှ ဖြေလျှော့မှုများအရ ယခုလ အတွင်း လုပ်ငန်းပြန်လည်စတင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အောက်တိုဘာ ၁၀ ရက်က  အင်းစိန်တံတားကို ပြန်စနေပါပြီ။ ခန့်မှန်း တာတော့ ပုံမှန်အတိုင်း ကွန်ကရစ် ဖျော်တဲ့စက်တွေရော ပြန်ဖွင့်မယ်ဆိုရင်တော့ နောက်တစ်လလောက်မှာ  ပြီးအောင် ဆောင်ရွက်နေပါတယ်” ဟု မြန်မာ့ မီးရထား အင်ဂျင်နီယာမှူး(မြို့ပြ/တံတားပေါင် အလုပ်ရုံ) ဦးမောင်ချိုက ပြောကြားသည်။

အင်းစိန်(မင်းကြီးလမ်း)ခုံးကျော်တံတားကို ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကာ ပင်မတံတားအရှည်မှာ  ၄၄၁  ပေရှိပြီး ချဉ်းကပ်လမ်းအရှည်မှာ ၁၁၂ ပေ ၉ လက်မရှိကြောင်း သိရသည်။ တံတား အောက်ခံအုတ်မြစ်မှာ ဘိုးပိုင်အမျိုးအစားဖြစ်ပြီး  အပေါ်ထည်မှာ  အာစီ ကွန်ကရစ်နှင့် အာစီကြမ်းခင်းအမျိုးအစားဖြစ်ကြောင်း သိရသည်။ လမ်းသစ် လမ်းဘက်အခြမ်းတွင် တစ်ခန်းလျှင် အရှည် ၁၃၅ ပေစီရှိသော Steel Box Girder နှစ်ခန်းနှင့် မင်းကြီးလမ်းဘက်အခြမ်းတွင် ၈၅ ပေစီရှိသော P.C Girder နှစ်ခန်း ကို ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။

လမ်းသစ်လမ်းဘက်မှ မင်းကြီးလမ်းဘက်သို့ အကျယ် ၁၆ ပေရှိသော အဆင်းယာဉ်သွားလမ်းတစ်လမ်း ပါဝင်ပြီး တစ်ဖက်လျှင် အကျယ် သုံးပေစီရှိ သည့်  လူသွားပလက်ဖောင်းများ ထည့်သွင်း တည်ဆောက်ထားကြောင်း သိရသည်။ တံတားခံနိုင်ဝန်မှာ  ခွင့်ပြုယာဉ်အလေးချိန် တန် ၇၀ ဖြစ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ် ဩဂုတ်  ၁၇ ရက်က ဖွင့်လှစ်ခဲ့သော အင်းစိန်ရထားလမ်း ခုံးကျော်တံတား အမှတ်(၂)မှာ  စတင်တည်ဆောက်စဉ်က  ပင်မတံတားကို စော်ဘွားကြီးကုန်း- လှိုင်သာယာလမ်းနှင့် လက်တက်တံတားအား ရန်ကုန်-လှိုင်သာယာလမ်းအတိုင်း  တည်ဆောက်ခဲ့ရာ ထိုအချိန်က မင်းကြီးလမ်းဘက် အခြမ်းတွင်  လက်တက်တံတား တည်ဆောက်မှုမပါဝင်ခဲ့ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)