၁၉၄၆ လွှတ်တော်

28-Sep-2020

၁၉၄၅ စစ်ကြီးအပြီးမှာ ဗြိတိသျှဘုရင်ခံ ဆာဒေါ်မန်စမစ် ပြန်ရောက်လာပြီး ဖဆပလနဲ့ အဝေမတည့်ဖြစ်ပြီးနောက် နိုဝင်ဘာမှာ ဆာပေါ်ထွန်းနဲ့ အစိုးရဖွဲ့ပါတယ်။ ၁၉၄၅ နှစ်ကုန်ပိုင်းမှာတော့ လွှတ်တော်ဖွဲ့ဖို့ စီစဉ်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပနိုင်သေးချိန်မှာ ဘုရင်ခံတဦးတည်းသဘောနဲ့ အုပ်ချုပ်ခွင့်ရတဲ့အတွက် အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမှာ ကူဖို့ အစိုးရနဲ့ လွှတ်တော်တွေ ဖွဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်အတွက် ဖဆပလကို ဦးဘဘေ၊ ဦးအောင်ဆန်း၊ စောဘဦးကြီးနဲ့ သခင်သန်းထွန်းဆိုပြီး အမတ်လေးနေရာပေးပေမယ့် လက်မခံတဲ့အတွက် တခြားလူတွေနဲ့ လွှတ်တော် ဖွဲ့ပါတယ်။ ဒီလွှတ်တော်မှာ အမတ် (၃၄) ယောက်ပါပြီး အမျိုးသမီး အမတ်အဖြစ် ဒေါ်မမခင် ပါပါတယ်။ ဒေါ်မမခင်ဟာ စစ်မဖြစ်ခင်ကလည်း ဒေါက်တာဘမော်ရဲ့ ဆင်းရဲသားပါတီကနေ အမတ်အရွေးခံခဲ့ရဖူးပါတယ်။ ဝန်ကြီး ဆာပေါ်ထွန်းနဲ့ ခင်တဲ့အတွက် အမေရိကန်ကို အာဟာရဗေဒပညာသင်ဆုရပြီး ပြန်လာပြီးနောက် ဒေါ်မမခင် အမ်အက်စီ (ချီကာဂို) အဖြစ် ထင်ရှားပါတယ်။

၁၉၄၅ နှစ်ကုန်တဲ့နေ့၊ ၁၉၄၄ ကတည်းက မြန်မာပြည်မှာ ဗြိတိသျှ ပြန်သိမ်းမိတဲ့နေရာတွေမှာ ကြေညာထားတဲ့ စစ်အုပ်ချုပ်ရေးနောက်ဆုံးနေ့မှာပဲ လွှတ်တော်အမတ် နာမည်တွေကို ကြေညာခဲ့တာပါ။ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးချစ်လှိုင်နဲ့ ဦးကြာခိုင်ကို တင်မြှောက်ပါတယ်။ ဦးချစ်လှိုင်အတွက် ဒါဟာ စတုတ္ထအကြိမ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်တာပါ။ ဒီလွှတ်တော်မှာ စစ်မဖြစ်ခင်က နိုင်ငံရေးသမားဟောင်းတွေနဲ့အတူ တို့ဗမာ အစည်းအရုံးခေါင်းဆောင် တချို့လည်း ပါပါတယ်။ သူတို့ကတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ဦးလေး သခင်ညီ၊ သခင်အေး၊ သခင်ကျော်စိန်၊ သခင်လူထွန်း စတဲ့သူတွေဖြစ်ပါတယ်။ နောက် တရုတ်နဲ့ အိန္ဒိယ၊ ဥရောပသား အမတ်တွေလည်း ခုနစ်ယောက်လောက်ပါပါတယ်။

ဒီလွှတ်တော်ကျင်းပဖို့ နေရာအတည်တကျမရှိသေးတဲ့အတွက် ရန်ကုန်မြို့တော်ခန်းမ ထဲမှာပဲ ၁၉၄၆ ဇန်နဝါရီလမှာ ကြိုးတားပြီး လွှတ်တော်ကျင်းပရကြောင်း လူထုဦးလှရဲ့ သတင်းစာများပြောပြတဲ့ စစ်ပြီးစဗမာပြည် (ဒုတိယတွဲ) စာမူမှာ ဖော်ပြပါတယ်။ လွှတ်တော်ဖွင့်တဲ့နေ့က တက်ရောက်သူတွေထဲမှာ လင်းပင်မင်းသမီးကြီးလည်း ပါတယ် ဆိုတဲ့အတွက် လင်းပင်မင်းသားရဲ့ သမီးတော် ထိပ်တင်မလတ်ဖြစ်ဖွယ်ရှိပါတယ်။ ၁၉၄၆ ဖေဖော်ဝါရီမှာ ကျင်းပတဲ့ နောက်အစည်းအဝေးကိုတော့ အတွင်းဝန်ရုံးထဲက အရင်လွှတ်တော် အဆောက်အဦမှာပဲ ကျင်းပတာကို တွေ့ရပါတယ်။ နောက် မြန်မာ့အလင်းသတင်းစာ ဂျိုကာအခန်းကနေ လွှတ်တော်ကို ဝေဖန်တဲ့အတွက် မြန်မာ့အလင်း သတင်းထောက်ကို လွှတ်တော်ထဲ ဝင်ခွင့်မပြုလို့ မြန်မာသတင်းစာတွေ ဝိုင်းပြီး လွှတ်တော်ကို သပိတ်မှောက်၊ လွှတ်တော်သတင်းမထည့်တာလည်း ၁၉၄၆ လွှတ်တော်မှာ ဖြစ်ပွားခဲ့ပါတယ်။

ဒီလွှတ်တော်ရဲ့ ဆောင်ရွက်ချက် ထွေထွေထူးထူးမရှိခဲ့ပေမယ့် မြန်မာပြည် ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အပြောင်းအလဲတခုကိုတော့ ဒီလက်ထက်မှာ တွေ့ခဲ့ရပါတယ်။ အရင် ၁၉၃၅ မြန်မာနိုင်ငံဥပဒေ မှာ အခွန်မဆောင်သူ၊ စာမတတ်သူတွေကို မဲပေးခွင့်မပြုဘဲ ကန့်သတ်ထားရာက ဝန်ကြီးဦးပုခေါင်းဆောင်တဲ့ မဲဆန္ဒပေးရေးစုံစမ်းရေးကော်မတီတရပ် ပေါ်ထွန်းခဲ့ပါတယ်။ နောက် ဖဆပလ ခေါင်းဆောင်တွေရဲ့ တောင်းဆိုမှု နဲ့အတူ အသက် (၁၈) နှစ်ပြည့်သူတိုင်း မဲပေးခွင့် ရှိကြောင်း ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းခဲ့ပါတယ်။

ဒီဆာပေါ်ထွန်းခေတ်လွှတ်တော် ဘယ်ချိန်မှာ သက်တမ်းကုန်သွားတယ် မသိပေမယ့် ၁၉၄၆ မှာ အထွေထွေသပိတ်ကြီးဖြစ်ပြီးနောက် စက်တင်ဘာမှာ ဗိုလ်ချုပ်အောင်ဆန်း အစိုးရ တက်လာခဲ့ပါတယ်။