အိန္ဒိယနိုင်ငံက အိမ်နီးချင်းနိုင်ငံများသို့ ကာကွယ်ဆေးအလုံးရေ သန်း ၂၀ ထောက်ပံ့ရန် စီစဉ်

16-Jan-2021

နယူးဒေလီ ဇန်နဝါရီ ၁၅

ကမ္ဘာပေါ်တွင် ကာကွယ်ဆေးအများဆုံး ထုတ်လုပ်သော နိုင်ငံတစ်ခုဖြစ်သည့် အိန္ဒိယ နိုင်ငံက အိမ်နီးချင်းနိုင်ငံများသို့ ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေးအလုံးရေ သန်း ၂၀ ထောက်ပံ့ရန် စီစဉ်လျက်ရှိသည်။

အိန္ဒိယနိုင်ငံပိုင် ကုမ္ပဏီတစ်ခုက နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ အာဖဂန်နစ္စတန်၊ ဆေးရှဲလ်နှင့် မောရစ်သျှနိုင်ငံများသို့ ထောက်ပံ့ ရန် Serum Institute of India နှင့် Bharat Biotech International တို့မှ ဗိုင်းရပ်စ် ကာကွယ်ဆေးများဝယ်ယူမည်ဟု တာဝန်ရှိသူ များက ပြောသည်။ ပထမအသုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို လာမည့်သီတင်း နှစ်ပတ်အတွင်း ပေးပို့မည်ဖြစ်သည်။ အိန္ဒိယ အစိုးရက လက်တင်အမေရိက၊ အာဖရိကနှင့် ဆိုဗီယက် ပြည်ထောင်စုဟောင်းဝင် နိုင်ငံများ သို့လည်း ဗိုင်းရပ်စ်ကာကွယ်ဆေးများ ထောက်ပံ့မည်ဖြစ်သည်။

ပြောကြားခဲ့

“ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုကို အကဲဖြတ်မှုပြုလုပ်နေဆဲဖြစ်လို့ အခြားနိုင်ငံတွေကို ကာကွယ်ဆေးပေးပို့မှုနဲ့ ပတ်သက်လို့ အသေးစိတ်ပြောဖို့ စောလွန်းနေ ပါသေးတယ်”ဟု အိန္ဒိယနိုင်ငံခြားရေးဝန် ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အနူရတ်ဆရီ ဗတ်စတာဗာက အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် မိုဒီက ကာကွယ်ဆေးအလုံးရေနှစ်သန်း တင်ပို့ရန် သဘောတူညီပြီးနောက် ဘရာဇီး နိုင်ငံက ကာကွယ်ဆေးများသယ်ယူရန် လေယာဉ်တစ်စင်း စေလွှတ်ခဲ့ကြောင်း ဘရာဇီး ကျန်းမာရေးဝန်ကြီး အက်ကွာဒိုပါဇွဲလိုက ပြောသည်။ ပြည်ပသို့ ကာကွယ်ဆေးများတင်ပို့ မှုကို မတ်လဝန်းကျင်ရောက်မှစတင်နိုင်မည် ဟု Serum Institute အမှုဆောင်အရာရှိချုပ် အဒါပိုနာဝါလာက ယခုလ တွေ့ဆုံမေးမြန်းမှု တစ်ခုတွင် ပြောကြားခဲ့သည်။

Serum Institute of India က AstraZeneca ကာကွယ်ဆေးများ ထုတ်လုပ် နေပြီး Bharat Biotech International က ပြည်တွင်းဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်မျိုးထုတ်လုပ်သည်။

ကိုးကား-ဘလွန်းဘာ့ဂ်

ဘာသာပြန်-ကျော်ထိုက်စိုး