Covid-19 ကာကွယ်ဆေး အိန္ဒိယမှာ ထုတ်လုပ်နေ

16-Nov-2020

မြန်မာနိုင်ငံမှာ covid-19 coronavirus ကပ်ရောဂါနဲ့ လူ ၁၅၇၇ ယောက် သေဆုံးရပါတယ်။ မနေ့က လူ ၂၅ ယောက် ထပ်မံသေဆုံးရပြီး ဒီထဲ ရောဂါအခံရှိသူက  အယောက် ၂၀ ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အတည်ပြု လူနာသစ်က ၉၈၃ ယောက်ရှိတဲ့အတွက် coronavirus ကူးစက်ခံရသူ စုစုပေါင်း  ၆၈၉၉၄ ယောက်ရှိသွားပါပြီ။

ကမ္ဘာတစ်ဝှမ်းမှာတော့ လူ ၅၄ သန်းကျော် ကူးစက်ခံရပြီး တစ်သန်း သုံးသိန်းကျော် သေဆုံးရတယ်လို့ အမေရိကန်ပြည်ထောင်စုက  Johns Hopkins  တက္ကသိုလ်စာရင်းက ဖော်ပြပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်အများဆုံး ကူးစက်ခံထားရသလို အများဆုံးသေဆုံးရတဲ့နိုင်ငံဖြစ်ပြီး ရှေ့နှစ် မတ်လ ၁ ရက်အရောက်မှာ လူ ၄၃၉၀၀၀ သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Johns Hopkins  တက္ကသိုလ်စာရင်းအတိုင်းပြောရရင် အမေရိကန် အရှေ့ခြမ်းစံတော်ချိန် မနက် ၁၀ နာရီမှာ ကူးစက်ခံရတဲ့ လူ ၁၀ သန်း ၉ သိန်းကျော်ရှိပြီး နှစ်သိန်းလေးသောင်းခွဲကျော် သေဆုံးရပါပြီ၊  ဒီလထဲ ကျရောက်တဲ့ ကျေးဇူးတော်နေ့မှာ မိသားစုတွေ အစဉ်အလာအတိုင်း ဆုံဆည်းကြတာမို့ ပွဲတော်နေ့ မကျင်းပခင် ၁၄ ရက်အလိုကပဲ သီးခြားခွဲ စောင့်ကြည့်ဖို့နဲ့ ပိုးကူးစက်ခံရတာရှိမရှိ စစ်ဆေးဖို့ အကြံပေးထားပါတယ်။

ကျေးဇူးတော်နေ့ပြီးရင် ခရစ္စမတ်အခါသမယနဲ့ နှစ်သစ်ကူးပွဲတော်တွေရှိပြီး ရာသီကလည်း ဆောင်းတွင်းဖြစ်၊ တုပ်ကွေးရာသီကလည်းဖြစ်နေတာမို့ ဗိုင်းရပ်စ်ကူးစက်နှူန်းတက်လာမယ်လို့ ကနဦးကတည်းက ဟောကိန်းထုတ်ထားပါတယ်။

အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများအသင်းဝင်နိုင်ငံတွေထဲ  အင်ဒိုနီးရှားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံထားရပါတယ်။  မနေ့က လူနာသစ် လေးထောင့်တစ်ရာကျော် ထပ်တွေ့ရပြီး ၆၃ ယောက်သေဆုံးရတယ်လို့  covid-19  အထူးလုပ်ငန်းအဖွဲ့က ကြေညာပါတယ်။ ကူးစက်ခံရသူ လေးသိန်းခွဲကျော်ရှိပြီး လူ တစ်သောင်းခွဲကျော်သေဆုံးထားပါတယ်။ အင်ဒိုနီးရှားဟာ ကမ္ဘာမှာ ၂၁ နိုင်ငံမြောက် ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံထားရတဲ့ နိုင်ငံဖြစ်တယ်လို့ နိုင်ငံတကာ သုတေသီတွေ ပြုစုတဲ့ WorldOMeter ကဖော်ပြပါတယ်။

မြန်မာနိုင်ငံက ၇၅ နိုင်ငံမြောက်ဖြစ်ပြီး နောက်အာဆီယံအဖွဲ့ဝင် ဖိလစ်ပိုင်က ၂၆ နိုင်ငံမြောက်ဖြစ်တာမို့ အာဆီယံနိုင်ငံတွေထဲ မြန်မာနိုင်ငံဟာ တတိယမြောက် ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတဲ့နိုင်ငံဖြစ်ပါတယ်။ စင်ကာပူက ၈၂ နိုင်ငံမြောက်နဲ့ မလေးရှားက ၈၅ နိုင်ငံမြောက် ကူးစက်ခံထားရပါတယ်။

မြန်မာ့အိမ်နီးချင်း အာဆီယံ အဖွဲ့ဝင်ထိုင်းနိုင်ငံမှာ မနေ့က လူနာသစ် ၈ ယောက်ထပ်တွေ့ရပြီး အားလုံးပြည်ပက ရောက်လာသူတွေဖြစ်တယ်လို့ Bangkok Post  သတင်းကဖော်ပြပါတယ်။ ပြည်ပကပြန်လာတဲ့ ထိုင်း လေးယောက်၊ အိန္ဒိယလူမျိုး သုံးယောက်နဲ့ အီဂျစ်လူမျိုး တစ်ယောက်မှာ တွေ့ရတာလို့ ဖော်ပြပါတယ်။

မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတဲ့ နိုင်ငံဖြစ်ပေမယ့် တတိယမြောက် အများဆုံးကူးစက်ခံရတဲ့ ဘရာဇီးလ်နိုင်ငံဟာ ကမ္ဘာမှာ အမေရိကန်ပြည်ထောင်စုပြီးရင် ဒုတိယမြောက် လူအများဆုံး သေဆုံးရတဲ့နိုင်ငံဖြစ်ပါတယ်။ ဘရာဇီးလ်မှာ ကူးစက်ခံရသူ ငါးသန်းခွဲကျော်၊ သေဆုံးသူက တစ်သိန်းခွဲကျော်ရှိပါတယ်။ အိန္ဒိယမှာ ကူးစက်ခံရသူက ရှစ်သန်းခွဲကျော်၊ သေဆုံးသူက တစ်သိန်းနှစ်သောင်းခွဲကျော်ရှိပါတယ်။

အိန္ဒိယ နိုင်ငံအနောက်ပိုင်း  Maharashtra ပြည်နယ် Pune မြို့မှာရှိတဲ့ Serum Institute of India ဆေးဝါးထုတ်လုပ်ရေးစက်ရုံကနေ တစ်မိနစ်ကို  covid-19 ကာကွယ်ဆေးထိုးပုလင်း ၅၀၀ ထုတ်လုပ်နေတယ်လို့ အမေရိကန် NBC  သတင်းက မနေ့ကဖော်ပြပါတယ်။ Serum Institute of India Ltd. ဟာ အိန္ဒိယနိုင်ငံက နံပါတ် တစ် ဇီဝနည်းပညာကုမ္ပဏီဖြစ်ပြီး ကမ္ဘာမှာ ထိုးဆေးအများဆုံးထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲက တခုဖြစ်တယ်လို့ ကုမ္ပဏီ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ပိုလီယို၊ မေးခိုင်၊ ဆုံဆို့နာ၊ ဝက်သက် စတဲ့ ကာကွယ်ဆေးတွေရောင်းချနေတာလည်းဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ကလေး ၆၅% ဟာ ဒီဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို အနည်းဆုံးတစ်ကြိမ်တော့ ထိုးဖူးတယ်လို့ ကြော်ငြာပါတယ်။ သူ့ကုမ္ပဏီကထုတ်လုပ်တဲ့ ကာကွယ်ဆေးကို  WHO  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားပြီး ကမ္ဘာတစ်လွှားက အမျိုးသားကာကွယ်ဆေးထိုးရေးအစီအစဉ်တွေ ဖော်ဆောင်တဲ့ နိုင်ငံ ၁၇၀ မှာ အသုံးပြုတယ်လို့ဆိုပါတယ်။ ဒိအတွက် လူသန်းပေါင်းများစွာရဲ့  အသက်ကို ကယ်တင်နိုင်တယ်လို့ ဖော်ပြပါတယ်။

Crd RFA