အောက်စဖို့ဒ်နှင့် အက်စထရာဇန်နီကာတို့ ပူးပေါင်းထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအသုံးပြုမှု ဗြိတိန်အတည်ပြု

31-Dec-2020

လန်ဒန်    ဒီဇင်ဘာ   ၃၀
အောက်စဖို့ဒ်တက္ကသိုလ်နှင့် အက်စထရာဇန်နီကာဆေးဝါးကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အသုံးပြုမှုကို  ဗြိတိန်နိုင်ငံက ယနေ့  အတည်ပြုလိုက်ပြီဖြစ်ကြောင်း  ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံ၌ အသုံးပြုမည့် အောက်စဖို့ဒ်နှင့် အက်စထရာဇန်နီကာတို့ ပူးပေါင်းထုတ်လုပ် သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအတည်ပြုချက်ရရှိရန် ဗြိတိန်ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန်များဆိုင်ရာ စည်းမျဉ်းဥပဒေအေဂျင်စီ၏ ထောက်ခံချက်ကို ဗြိတိန်အစိုးရ က လက်ခံခဲ့ခြင်းဖြစ်ကြောင်းလည်း ဗြိတိန်အစိုးရ၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

ဗြိတိန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  အများအပြားထုတ်လုပ်လျက်ရှိသည့် အက်စထရာဇန်နီကာ  ဆေးဝါးကုမ္ပဏီထံမှ  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ရရှိမည်ဖြစ်ကြောင်းနှင့် အဆိုပါ အရေအတွက်သည် ဗြိတိန်ပြည်သူ သန်း  ၅၀  အတွက် လုံလောက်မှုရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဇန်နဝါရီလတွင် စတင်မည် ဖြစ်ကြောင်းလည်း ဗြိတိန် ကျန်းမာရေးဝန်ကြီး မက်ဟန်းကော့က ပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံ၌ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နှင့် ဂျာမနီဆေးဝါးကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ် သည့် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအသုံးပြုခွင့် အတည်ပြုခဲ့ပြီးဖြစ်သောကြောင့် အောက်စဖို့ဒ်နှင့် အက်စထရာဇန်နီကာတို့ ပူးပေါင်းထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးသည်  ဗြိတိန်နိုင်ငံ၏  အသုံးပြုခွင့်အတည်ပြုခဲ့သည့် ဒုတိယမြောက်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလည်း ဖြစ်လာခဲ့သည်။
လက်ရှိတွင် ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၈၂၈၆၅ ဦးနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၇၁၅၆၇ ဦးရှိကြောင်းလည်း သိရသည်။ 

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်